အလှည့်ကျ ရက်လည်ခွင့်ပြုတာကြောင့် သေဆုံးတာ ၂လနီးပါးကြာတဲ့အထိ ရက်လည်တရားနာ မပြီးသေး

ရက်ခြားပြီးမှ အလှည့်ကျ ရက်လည်ခွင့်ပြုတာကြောင့် သေဆုံးတာ ၂လနီးပါးကြာတဲ့အထိ ရက်လည်တရားနာ မပြီးသေး

ဧရာဝတီတိုင်း၊ မအူပင်မြို့ အခြေစိုက် ခလရ ၂၇ တပ်ရင်းကနေ ရှေ့တန်းထွက်ရင်း ရှမ်းပြည်နယ် နောင်ချိုတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားတွေအတွက် ရက်လည်တရားနာခွင့်ကို အလှည့်ကျလုပ်နေရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ် နောင်ချိုဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး တိုက်ပွဲကျခဲ့တာဟာ လအတော်ကြာတဲ့အထိ ရက်လည်တရားနာ ပြုလုပ်နေရဆဲဖြစ်ကြောင်း သိရပါတယ်။

“မြန်မာ့ထုံးတမ်းအစဉ်အလာအရ လူသေရင် ၇ရက်ပြည့်တာနဲ့ ရက်လည်လုပ်ရတာလေ။ အခုက သေတာလည်းမသိရ၊ သိရတဲ့အချိန်ကျတော့လည်း တစ်လကျော်ဖြစ်နေတာ။ သေတဲ့သူတွေများတော့ အလှည့်ကျလုပ်နေရတာ။ သေတဲ့ဦးရေစာရင်းနဲ့ဆို တစ်နှစ်ပြည့်တာတောင် ရက်လည်တရားနာက လုပ်လို့ရမှာမဟုတ်ဘူး။ အပြင်ကို သတင်းပေါက်ကြားမှာမို့ ကိုယ့်လင်သေတာတောင် ရက်လည်တရားနာကို လုပ်ခွင့်မရှိ ဖြစ်နေရတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။

သူကပဲ ဆက်ပြီး “ဧရာဝတီတိုင်း တိုင်းမှူးလာဖို့ရှိတယ်။ ဘယ်သူက ဘယ်လိုတင်ပြမလဲ။ အရင်တစ်ခါ လူကြီးခရီးစဥ်မှာ တပ်ကိုလာတုန်းက ရှေ့တန်းမှာတိုက်ပွဲကျတဲ့သူ များတာကို တင်ပြမိလို့ ချက်ချင်းသတင်းပေါက်ကြားရမလားဆိုပြီး နောက်တန်းကဗိုလ် ပါးအရိုက်ခံရတော့ အကုန်လန့်နေကြတယ်” လို့ ပြောပြပါတယ်။

မအူပင်မြို့ အခြေစိုက်တပ်ရင်းဖြစ်တဲ့အမှတ် ၂၇ ခြေလျင်တပ်ရင်းဟာ ရှမ်းပြည်နယ် စစ်ဆင်ရေးတာဝန်ကျပြီး တပ်ရင်းတစ်ရင်းလုံးနီးပါး ရှေ့တန်းမှာသေဆုံးခဲ့တာ ၂လ နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သတင်းပြန်မှာစိုးလို့ဆိုပြီး ရက်လည်ဆွမ်းကျွေး တရားနာကို အလှည့်ကျ လုပ်နေရတာပါ။ ဒီနေ့အချိန်ထိ ရက်လည်တရားနာ မလုပ်ရသေးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *