အင်းဝမြို့ဟောင်းက မယ်နုအုတ်ကျောင်းကို စစ်အုပ်စုက ဆေးအဝါသုတ် ပုံဖျက်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ သမိုင်းဝင်မယ်နုအုတ်ကျောင်းကို စစ်အုပ်စုက ပြန်လည် ဆေးသုတ်လိုက်တဲ့အပေါ် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

အင်းဝမြို့ဟောင်းက နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ မယ်နုအုတ်ကျောင်းခေါ် မဟာအောင်မြေဘုံစံအုတ် ကျောင်း တော်ကြီးကို စစ်အုပ်စုရဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အခု ရက်ပိုင်းအတွင်းမှာ ပြန်လည်ဆေးသုတ်နေခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်အပေါ် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ဒေသခံ ပြည်သူတွေက ဝေဖန်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

“မနေ့တုန်းက ကျွန်တော်ရောက်တဲ့အချိန်မှာ ဆေးသုတ်နေတာတွေ့ရတယ်။ မပြီးသေးဘူး။ ဘယ်နေ့ကဆေးစ သုတ်နေတာလဲဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဒေသခံပြည်သူ တစ်ယောက်အနေနဲ့ကတော့ အရင် တုန်း ကလို ရှေးဟောင်းပုံစံလေးပဲ ဖြစ်ချင်တာပေါ့။ အခုလို မြင်တွေ့လိုက်ရတာကတော့ အဆင်မပြေဘူးပေါ့” လို့ မယ်နု အုတ်ကျောင်း ဆေးသုတ်တာကို တွေ့မြင်ခဲ့သူ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာ မယ်နုအုတ်ကျောင်း တစ်ခုလုံးကို စစ်အုပ်စုရဲ့ ရှေးဟောင်းဌာနက အဝါနုရောင် ဆေးတွေ သုတ်ထားတာ နဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေ ပျံ့နှံ့နေသလို ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ဒေသခံတွေကလည်း ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

“ဘဝပြောင်းသွားတဲ့ မယ်နုအုတ်ကျောင်း၊ လုပ်ရက်ပါပေ့” လို့ ရှေးဟောင်းသုတေသီတစ်ဦးက မယ်နုအုတ်ကျောင်း ဆေးသုတ်တာနဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြောပါတယ်။

စစ်အုပ်စုလက်အောက်ခံ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနဟာ မယ်နုအုတ်ကျောင်းကြီး တစ်ခုလုံးကို လှေကားထစ်ပါမကျန် အဝါနုရောင်ဆေးသုတ်ခဲ့တာဖြစ်ပြီး မြန်မာမှုဗိသုကာဟန်ရဲ့ စည်းကမ်းကြီးမှု၊ ထည်ဝါမှု၊ ခမ်းနားမှု အားလုံးကို ဖျောက်ဖျက်ပစ်လိုက်သလိုဖြစ်ရတယ်လို့ ရှေးဟောင်းသုတေသီတစ်ဦးက သူ့ရဲ့လူမှုကွန်ယက်စာ မျက်နှာမှာ ရေးသားခဲ့ပါတယ်။

“စည်းကမ်းကြီးမှု၊ ထည်ဝါမှု၊ ခမ်းနားမှုတွေကို အရောင်သုတ်ပီး ဖျောက်ဖျက်လိုက်သလိုဖြစ်သွားတာ။ ဉာဏ်မပါလို့ ဖြစ်တာ”လို့ အဆိုပါ သုတေသီက ရေးသားခဲ့ပါတယ်။

အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းကို ၁၉၉၉ ခုနှစ်က ပထမအကြိမ် ကြွေဆေးရည်တွေနဲ့ မွမ်းမံပြုပြင်တာ၊ ၂၀၁၃ ခုနှစ်မှာ ဘက်စုံမွမ်းမံပြုပြင်တာ၊ ၂၀၁၁ ခုနှစ်မှာ အုတ်ကျောင်းတော်ကြီးရဲ့ အရံတံတိုင်းတွေကို ပြုပြင် လှူ ဒါန်းတာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့လည်း အုတ်ကျောင်းတော်ကြီး ပြုပြင်ခဲ့တဲ့ မှတ်တမ်းတွေအရ သိရပါ တယ်။

မယ်နုအုတ်ကျောင်း ခေါ် မဟာအောင်မြေဘုံစံ အုတ်ကျောင်းတော်ကြီးကို ခရစ်နှစ် ၁၈၂၂ ခုနှစ်မှာ ဘကြီးတော် မင်းရဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုက တည်ဆောက်ခဲ့ပြီး ညောင်ကန်ဆရာတော် ဦးပိုကို လှူဒါန်းခဲ့ကာ ကျောင်း ထိုင်စေခဲ့ပြီး ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဆရာတော် ဦးဗုဓ်ကို ဆက်လက် လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ခရစ်နှစ် ၁၈၃၈ ခုနှစ်မှာ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ကျောင်းတော်ကြီးထိခိုက်ပျက်စီးခဲ့တာကြောင့် နန်းမတော်မယ်နုရဲ့ သမီးဖြစ်တဲ့ ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေက ဆို ပါတယ်။

အဆိုပါအုတ်ကျောင်းတော်ကြီးဟာ ဇေတဝန်ဆောင်နဲ့ ပြာဿဒ်ဆောင်ပါဝင်တဲ့ သစ်သားဘုန်းတော်ကြီးကျောင်းနဲ့ သဏ္ဌာန်တူတည်ဆောက်ထားပြီး လက်ရာမြောက်တဲ့ ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ၊ ပန်းရံနဲ့ ပန်းတော့ အနုစိတ်လက်ရာတွေကြောင့် ထင်ရှားတဲ့ ကျောင်းတော်ကြီးလည်း ဖြစ်ပါတယ်။

မယ်နုအုတ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက ပြီးခဲ့တဲ့ ၁၀ နှစ်နဲ့ ၁၅ နှစ်အတွင်းမှာ တစ်ကြိမ် ဆေး သုတ်တယ်လို့ ဆိုပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်စုကျော်ကာလအတွင်းမှာ အခုလို အဝါရောင်ဆေးသုတ်တာ မ တွေ့ခဲ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ ။ စစ်အုပ်စု ဆေးသုတ်လိုက်တဲ့ မယ်နုအုတ်ကျောင်းနဲ့ မူလ အုတ်ကျောင်းတို့ကို ယှဉ်တွဲတွေ့ရစဉ်

ဓာတ်ပုံ ။ လူမှုကွန်ယက်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top