တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်သေဆုံးဟုဆို
ရန်ကုန်မြို့၊ မှော်ဘီမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျပြီး တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး သေဆုံးပြီးအမျိုးသမီးလေယာဥ်မှူးနှင့် စက်မှူအကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။
လက်ရှိ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ်မှာ ဗိုလ်ချုပ်စိုးတင်လတ်ဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။
မှော်ဘီလေတပ်၏ ရဟတ်ယာဉ်ကွင်းအတွင်း ပျက်ကျခြင်းဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက သတင်းကို ဖုံးကွယ်ရန်ကြိုးပမ်းနေသည်ဟု မှော်ဘီမြို့ခံချို့က ပြောသည်။
အာဏာသိန်းအုပ်စုလက်အောက်ခံတယ်လီဂရမ်ချန်နယ်အချို့က မှော်ဘီမြို့၌ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးပျက်ကျပြီး ဗိုလ်ချုပ်တစ်ဦးသေဆုံးကြောင်း ရေးသားနေကြသည်။
(ကော်ဘရာစစ်ကြောင်းက စစ်တပ်၏ Eurocopter ရဟတ်ယာဉ်ကို ၂၀၂၄ ဇန်နဝါရီ ၂၉ရက်က ပစ်ချခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-မြေပြင်သတင်းရင်းမြစ်)
စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ စုစုပေါင်း ၃ ဦး ရှေ့တန်းစစ်မြေပြင်သို့ ပျံသန်းရန် ရဟတ်ယာဉ်တက်စဉ် ပျက်သဖြင့် သေဆုံး
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ ဦး စုစုပေါင်း ၃ ဦးတို့သည် ယနေ့ နံနက်ပိုင်း ရဟတ်ယာဉ်ပျက်သဖြင့် သေဆုံးသွားကြောင်း လေတပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်း မှော်ဘီလေတပ်မှ ယူရိုကော့ပတာရဟတ် ယာဉ်သည် ရှေ့တန်း စစ်မြေပြင်သို့ သွားရန် ပျံတက်စဉ် ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး၊ အမျိုးသမီးလေယာဥ်မှူး တို့ သေဆုံးသွားကြောင်း ၊ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တက်ပြီးပြီးချင်း ပျက်ကျတာ။ ရှေ့တန်းစစ်မြေပြင်မှာ လူသွားသယ်ဖို့ လုပ်တာပါ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုပြီး မည်သည့်ရှေ့တန်းစစ်မြေပြင်ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိပေ။
သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်သည် မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ်မှ တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးမီကမှ ရာထူးတိုးထားသူလည်းဖြစ်သည်။
ပျက်ကျသွားသည့် ရဟတ်ယာဉ်သည် Eurocopter 365 အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၉ သန်းတန်ဖိုးရှိကြောင်း၊ ဘက်စုံသုံးရဟတ် ယာဉ်ဖြစ်ကြောင်း သိရှိရသည်။