စစ်ကောင်စီက. ကချင်ပြည်နယ်၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်ထားသည့်ကာလတွင် ဝိုင်းမော်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ၂ဝဦးထက်မနည်းသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ဝိုင်းမော်မြို့၊ ခတ်ချိုရွာအနီးတွင် ဩဂုတ်လ ၃ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများကပြောသည်။
“မိုးတွေရွာနေတဲ့အချိန် စစ်တပ်ဘက်ကတက်လာတာကို PDF တွေက စောင့်တွယ်တာ။ ၂၀ လောက်သေတယ်။ အလောင်းတွေပါ ထားခဲ့ရတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီကကချင်ပြည်နယ်တွင် ဇူလိုင်လ ၂၁ ရက်မှစ၍ ဖုန်းလိုင်းများအားလုံးဖြတ်တောက်ခဲ့သည်။ ယနေ့(ဩဂုတ်လ ၉ရက်) နံနက်ပိုင်းတွင်မူ မြို့နယ်အချို့၌ MPT ဖုန်းလိုင်းပြန်ရခဲ့သည်။
“အကြီးပိုင်းနှစ်ကောင်စလုံး မပခ( မြောက်ပိုင်းစစ်ဌာနချုပ်)ထဲ လာသွားတယ်ကြားတယ်။ ဖုန်းလိုင်းတွေ ဖြတ်ပြီး ဘာတွေလုပ်နေတယ်တော့မသိဘူး။ လက်နက်ကြီးတွေကတော့ နေ့တိုင်းလိုလိုပစ်နေခဲ့တယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။
ဖုန်းလိုင်းများပြတ်တောက်နေစဉ်ကာလအတွင်း ဝိုင်းမော်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့်ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်ဟု သတင်းမှားများထွက်ပေါ်ခဲ့သေးသည်။
KIAဦးဆောင်သည့်ပူးပေါင်းတပ်များသည် ဩဂုတ်လ ၁ ရက်မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်းအချို့ကိုတိုက်ခိုက်ခဲ့သည်။
ဩဂုတ်လ ၁ ရက်မနက်မှစ၍ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းရှိ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်တိုက်လိုက်ခဲ့ရာ ဩဂုတ် ၂ရက်မနက်တွင် တီယန်ဇွပ်ရွာအနီးရှိ စစ်ကောင်စီ စခန်း ၃ခု ကိုသိမ်းပိုက်နိုင်ခဲ့သည်။ဆက်လက်၍ ဩဂုတ် ၃ ရက် တွင် အင်ဆွပ်ရွာ စစ်ကောင်စီစခန်းကိုလည်းထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအပြင် မိုးမောက်မြို့နယ်တွင် ကျန်ရှိနေသော ခမရ ၄၃၈ တပ်ရင်းကိုလည်း KIA ဦးဆောင်သောပူးပေါင်းတပ်များ ကအပြီးသတ်သိမ်းပိုက်နိုင်ရန်ဇူလိုင် ၂၄ရက်မှ၍ ပြန်လည် ထိုးစစ်ဆင်နေသည်။
သို့သော် မိုးမောက် ခမရ(၄၃၇) တပ်စခန်း တိုက်ပွဲမှာလည်း နှစ်ဖက်တပ်များ ဆက်ရှိနေဆဲဖြစ်သည်။
ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်မှတပ်ရင်းအနေဖြင့် ခလရ(၅၈)သာ ကျန်ရှိတော့သည်။ ခလရ(၅၈)ပတ်ဝန်းကျင်၌ ကာကင်းအများအပြားချထားပြီး မိုင်းများလည်းထောင်ထားသည်။
စစ်ကောင်စီသည် ဝိုင်းမော်မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုတ်လွဲရာလမ်းဆုံ၌ အင်အား ၁၀၀ခန့်တပ်ဆွဲထားပြီး လက်နက်ကြီးတပ်ဆင်ထားသည်။ စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခလရ(၅၈)နှင့်မုတ်လွဲရာလမ်းဆုံမှနေ၍ လက်နက်ကြီးများ ညစဉ်ပစ်ခတ်နေကြောင်းဒေသခံများကပြောသည်။
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတွင်လည်း မြစ်ဆုံဒေသရှိ စစ်ကောင်စီစခန်း သာကျန်တော့ပြီး ဆွမ်ပရာဘွမ်ဘက်၌ စစ်ကောင်စီစခန်းများ မကျန်တော့ကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
KIA ဦးဆောင်သောပူးပေါင်းတပ်များသည်ယခုနှစ် မတ်လ ၇ရက်တွင် ထိုးစစ်ကြီး စတင်ခဲ့ရာ ဆွမ်ပရာဘွမ် မြို့တစ်ခုလုံးကိုသိမ်းပိုက်ထားခြင်းဖြစ်သည်။
Leave a Reply