မူဆယ်ရှိ တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်နှင့် စကစဝန်ထမ်းအကြီးပိုင်းများ တရုတ်ဘက်ခြမ်း အိမ်ငှားနေပြီး ရုံးတက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထံ လက်လွှတ်လိုက်ရပြီးနောက် ရမခသို့ သွားခွင့်မရလိုက်သည့် မူဆယ်မြို့ရှိ ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် အပါအဝင် စစ်ကောင်စီဝန်ထမ်းအကြီးပိုင်း အရာရှိများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွှေလီ နှင့် ကျယ်ဂေါင်မြို့များတွင် အိမ်ငှားနေကာ နေ့ချင်းပြန် ရုံးတက်ရုံးဆင်း လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

“ရမခ တိုင်းမှူး ဘာညာတောင်မှ မူဆယ်မှာ မရှိဘူး။ သူရွှေလီမှာ နေတာများတယ်။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ဆို မိသားစုလိုက်၊ ပြီးတော့ အဓိကက အကြီးပိုင်းတွေပေါ့ လဝကတို့က ကျယ်ဂေါင်မှာပဲနေတာ။ အခန်းငှားနေကြတာ။ ဝင်လိုက်ထွက်လိုက်ပေါ့။ မနက်ဆိုထွက်လာတယ်။ ညဆို အထဲ(တရုတ်နိုင်ငံထဲ) ပြန်ဝင်ကြတယ်။ သူ(တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်) ကတော့ ဝင်လိုက်ထွက်လိုက် အတည်မဖြစ်ဘူး။ သေချာတာကတော့ ရွှေလီမှာရှိနေတယ်။ တခြားသူကတော့ ဝင်လိုက်ထွက်လိုက်လုပ်ကြတယ်” ဟု မူဆယ်မြို့ခံသတင်းရင်းမြစ်ကပြောသည်။

မြန်မာ- တရုတ်နယ်စပ်၊ မြန်မာဘက်ခြမ်းရှိ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ် နှင့် နန်းတော်ဂိတ်(အလယ်ပေါက်) မှတဆင့် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (စာအုပ်အနီ) ဖြင့် တရုတ်နိုင်ငံသို့ တပတ်ခန့်တရားဝင်နေထိုင်ခွင့်ရှိသည်။

လက်ရှိတွင် မူဆယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အရာရှိများသည် ယင်းစာအုပ်ဖြင့် တရုတ်နိုင်ငံသို့ အဝင်အထွက်ပြုလုပ်ကာ ရုံးတက်ရုံးဆင်း ပြုလုပ်နေကြခြင်း ဖြစ်သည်။

“စာအုပ်ရှိတာကိုး။ နေ့ချင်းပြန်၊ မပြန်ချင်လည်း ခြောက်ညအိပ် ခုနစ်ရက် အဲ့လိုနေလို့ရတယ်။ ပြီးရင်တံဆိပ်ရိုက်၊ ထွက်ပြီးပြန်ဝင်။ အဓိက ကတော့ နန်းတော်ပေါက်ပါပဲ၊ ဒီလူတွေဝင်ထွက်တာ” ဟု သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ဩဂုတ် ၈ ရက် ည ၈ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ နမ့်ခွမ်းကျေးရွာအနီးဘက်သို့ စက်မှုဇုန်ဘက်ရှိ စစ်ကောင်စီတပ်က နာရီဝက်ခန့်ကြာ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့ ဩဂုတ် ၉ ရက်နေ့တွင်မူ ပုံမှန်အခြေအနေအတိုင်း လည်ပတ်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

မူဆယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း မူဆယ်မြို့ ပတ်လည်တွင် ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များမှ နေရာယူထားပြီဖြစ်ကြောင်း စစ်သတင်းများကို ထောက်လှမ်းနေသည့် CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“တိုက်ပွဲတော့ မဖြစ်သေးဘူး။ မဟာမိတ်အဖွဲ့ကတော့ နေရာယူပြီးလောက်ပြီ။ စစ်တပ်ကတော့ ကြောက်ကန်ကန်ပြီးပစ်တာ။ မဟာမိတ်အဖွဲ့ကလည်း မူဆယ်က ထိုင်ခုံမဲ့ တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင်ကို လက်နက်ချဖို့ ကမ်းလှမ်းထားတာတော့ ရှိတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နေရာမှာ မိတ္ထီလာမြို့ အခြေစိုက် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို စစ်တိုင်းမှူးအဖြစ် ရာထူးတိုးပြီး စစ်ကောင်စီက ခန့်အပ်ခဲ့ရာ ၎င်းသည် ဗိုလ်မှူးချုပ်ရာထူးမှ ဗိုလ်ချုပ်စိုးလှိုင် ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်စိုးလှိုင် ရမခတိုင်းမှူး ဖြစ်လာပြီးနောက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်များမှ ဩဂုတ်လ ၃ ရက် နေ့လည် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ရမခတိုင်း တည်ရှိရာ လားရှိုးမြို့အပါအဝင် မူဆယ်မြို့ပတ်လည်ရှိ နမ့်ခမ်း၊ ကွတ်ခိုင် မြို့များကို TNLA မှ သိမ်းပိုက်ထားပြီး မုန်ကိုး နှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကိုလည်း MNDAA မှ သိမ်းပိုက်ထားပြီးဖြစ်သည်။

မူဆယ် ၁၀၅ မိုင်ကုန်းကိုလည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကပင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး လက်ရှိအချိန်ထိ တပ်စွဲနေရာယူထားဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက မူဆယ်မြို့ကို စစ်ကူပို့နိုင်သည့် နည်းလမ်းမရှိသကဲ့သို့ မူဆယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း တရုတ်နိုင်ငံဘက်မှလွဲပြီး တပ်ပြန်ဆုတ်နိုင်သည့် လမ်းမရှိဘဲ ပိတ်မိနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

မူဆယ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်တပ်များစွာ ရှိနေပြီး အကယ်၍ မူဆယ်ကို ညီနောင်သုံးဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပါက စစ်ကောင်စီလက်အောက်ခံတပ်များသည် အညံ့ခံကြမည်ဟု ကြိုတင်ညှိနှိုင်းထားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

“လာတိုက်ရင် အလံဖြူထောင်ကြမှာလို့ကြားတယ်။ ခုက လမ်းအားလုံးက ပိတ်နေပြီ။ ပြည်သူတွေသုံးတဲ့ ကွင်းရှောင်လမ်းတွေကို သူတို့လုံးဝသုံးလို့မရနိုင်ဘူး။ ဟက်စကီး (ရဟတ်ယာဉ်)နဲ့ပဲ ဖြစ်နိုင်မယ်” ဟု မြို့ခံအမျိုးသားတဦးက ပြောသည်။

“အကုန်ပတ်ချာလည်ပိတ်နေတာ။ ပြေးဖို့က တရုတ်ဘက်ပဲရှိတယ်။ ရဟတ်ယာဉ်ဆိုလည်း လားရှိုး ထောက်မရှိရင် ဒီဘက်ကိုလာဖို့ ခက်သွားပြီ။ ရဟတ်ယာဉ်မလာတာ တလကျော်သွားပြီ။ မူဆယ်က တရုတ်နဲ့တအားနီးတော့ အားလုံးက လက်ခံထားတာ မြို့ထဲတော့ အထိခိုက်မရှိလောက်ဘူး။ လားရှိုးလောက်မဆိုးလောက်ဘူးပေါ့” ဟုအခြားမြို့ခံတဦးက ပြောသည်။

လားရှိုးရှိ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း မူဆယ်ကို ဆက်လက်တိုက်ခိုက်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မူဆယ်မြို့ကို ညီနောင်သုံးဖွဲ့တိုက်ပါက စစ်ကောင်စီမှ လက်နက်ချမည့်နည်းလမ်းမှ အခြားမရှိသည်ကတကြောင်း၊ တရုတ်နိုင်ငံနှင့် နီးကပ်လွန်းသည်ကတကြောင်း၊ မြို့ကို မထိခိုက်နိုင်ကြောင်း မြို့ခံအများစုက ယူဆနေကြသည်။

ထို့ကြောင့် လက်ရှိ မူဆယ်တွင် မြို့ခံများသည် ပုံမှန်အခြေအနေအတိုင်း လည်ပတ်လျက်ရှိပြီး တိုက်ပွဲဖြစ်ပါက ထွက်ပြေးရ လွယ်ကူရန် သက်ကြီးပိုင်း မြို့ခံအချို့သည် တရုတ်နိုင်ငံဘက်ခြမ်းအနီး၌ ရွှေ့ပြောင်းနေထိုင်ကြသည်များရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်ကောင်စီတပ်သည် ရွှေလီရိပ်သာတွင် အထိုင်ချထားပြီး စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်တပ်လည်း များစွာ ရှိသည်။ မူဆယ်မြို့သည် တရားဥပဒေစိုးမိုးမှု အားနည်းသည့်အားလျော်စွာ ပြန်ပေးဆွဲ၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေသဖြင့် နေအိမ်ဖောက်ထွင်းခံမည်ကို စိုးရိမ်သောကြောင့် မြို့ခံအများစုသည် အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမပြုကြဘဲ မိမိနေထိုင်ရာအိမ်တွင်သာ ဆက်လက်နေထိုင်နေကြဆဲဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *