မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်

နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေကို ဒီမနက်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ရာ စစ်အုပ်စု အလောင်းနဲ့ လက်နက်တချို့ ရပြီး နွားထိုးကြီးမြို့ပေါ်မှာတော့ တနေကုန် တိုက်ပွဲ ဖြစ်ကာ စစ်အုပ်စုက လေကြောင်း ဗုံးကြဲခုခံနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် ဒီနေ့ ဩဂုတ်(၁၀)ရက် မနက်(၄)နာရီကျော်က စလို့ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေကို တော်လှန်ရေး တပ်တွေက တပြိုင်နက် စီးနင်း ဝင်ရောက် တိုက်ခိုက်တာ ဖြစ်ပါတယ်။

နွားထိုးကြီးမြို့ကို ဒီမနက်ပိုင်း တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် မွန်းလွဲပိုင်းမှာ ရဲစခန်း အပါအဝင် စစ်အုပ်စု အထိုင်စခန်းတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

မြေပြင်ကနေ စစ်ကူ မပေးနိုင်တဲ့ စစ်အုပ်စုကလည်း နွားထိုးကြီးမြို့ မကျဖို့ (Mi-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တွေ သုံးကာ တနေကုန် အဆက်မပြတ် လေကြောင်း ဗုံးကြဲ ခုခံတယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမြို့ပေါ်က စစ်အုပ်စု အထိုင် စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ချိန် ထွက်ပြေးတဲ့ စစ်အုပ်စုဟာ မြို့ထဲမှာ ခိုအောင်းနေပြီး လေကြောင်းပစ်ကူ လာရောက်ချိန် ပြန်လည်စုဖွဲ့ကာ လက်ရှိ အချိန်ထိ ခုခံနေဆဲ ဖြစ်သလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့လည်း မြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“နွားထိုးကြီး မြို့ပေါ်က (စခ)တွေ နေရာတွေ အကုန်လုံးကို ရလိုက်ပါပြီ။ မြို့ပေါ်ကို အကုန်လုံး သိမ်းလိုက်တာတော့ မဟုတ်သေးဘူး။ လေယာဉ်က ဆက်တိုက် လာပစ်နေတာ။ လက်ရှိ အခြေအနေကတော့ သူ့ဘက်ကိုယ့်ဘက် စစ်ကြောင်းတွေ ဆိုင်ထားကြတုန်းပဲ”လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

နွားထိုးကြီးမြို့ပေါ် တိုက်ပွဲတွေအတွင်း စစ်အုပ်စု အသေအပျောက် ရှိသလို လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေး ရဲဘော်တချို့ ကျဆုံးတယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမြို့ပေါ် တိုက်ပွဲတွေအတွင်း ပြည်သူတွေ ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်အုပ်စုက လေကြောင်း ဗုံးကြဲနေလို့ မြေပြင် အခြေအနေတွေ အတိအကျ မသိရသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီမနက်(၃)နာရီက စတင်ပြီး နွားထိုးကြီး မြို့ကို PDF တွေက ဝင်ရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ဖြစ်နေပြီး PDF တွေက နွားထိုးကြီး မြို့ပေါ်ရှိ စိုက်ဘဏ် (မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်)ကို မီးရှို့ဖျက်ဆီးတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

နွားထိုးကြီးမြို့ ရဲစခန်းကိုလည်း PDF တွေက သိမ်းပိုက်သွားပြီး စစ်အုပ်စု အနေနဲ့ ထွေအုပ်ရုံးဝင်းထဲကနေ ဆက်လက် ခုခံနေတယ်လို့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။

နွားထိုးကြီးမြို့ ကျသွားပါက ရန်ကုန် – မန္တလေး အမြန်လမ်းပိုင်းကို PDF တွေက စိုးမိုးသွားနိုင်တာကြောင့် နွားထိုးကြီးမြို့ မကျရေး လေကြောင်းပစ်ကူပေးဖို့လည်း စစ်လော်ဘီတွေက တောင်းဆိုနေပါတယ်။

မြင်းခြံခရိုင်ထဲက တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့တွေကို ဒီကနေ့ ဩဂုတ် (၁၀) ရက် မနက်အစောပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက တပြိုင်နက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး တောင်သာမြို့ တိုက်ပွဲမှာ စစ်အုပ်စု အသေအပျောက် ရှိသလို လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်ကပြောပါတတယ်။

“ဒီကနေ့က ကျွန်တော်တို့ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ သုံးမြို့နယ်ထဲမှာ တစ်နေရာဆီ ခွဲပြီးတော့ တိုက်ပွဲ ဖော်ဆောင်တဲ့ အနေအထား တစ်ရပ် ရှိပါတယ်ဗျ။ တောင်သာမြို့နယ် ဘက်ခြမ်းမှာတော့ ကျွန်တော်တို့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပါတယ်ဗျ”

ဒါ့အပြင် မြင်းခြံမြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းတွေကိုလည်း ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး နွားထိုးကြီး မြို့ကို စစ်ကူပေးနိုင်တဲ့ မြင်းခြံနယ် လေးရွာဆုံ ပျူစခန်းကို တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက် အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။

“မြင်းခြံ ဘက်ခြမ်းမှာကတော့ လေးရွာဆုံ ပျူစခန်းကို သွားတိုက်တဲ့အခါမှာ သူတို့(စစ်အုပ်စု) ဘက်က ပစ်အား ကောင်းတဲ့အတွက် ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် ကျသွားပါတယ်ဗျ”

တောင်သာမြို့ပေါ်က လျှပ်စစ်ဓာတ်အားခွဲရုံကိုလည်း PDF တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုနဲ့ ပျူတွေက ခုခံခဲ့ပြီး တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကော်မတီဝင်၊ ပျူအဖွဲ့ဝင် ဦးတင်ထွန်းနိူင် သေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

မြင်းခြံခရိုင်ထဲက စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက ပြန့်နှံ့နေခဲ့ပြီး စစ်အုပ်စုက မြို့ပေါ်မှာ အင်အားဖြည့် ခံစစ်ပြင်ဆင်တာ၊ မြို့အဝင်အထွက်နဲ့ မြို့တွင်း စစ်ဆေးရေး တင်းကြပ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီး – မြင်းခြံ ကားလမ်းပေါ်မှာ ဒီမနက်ပိုင်း တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ၊ နွားထိုးကြီး ရဲစခန်းနဲ့ နွားထိုးကြီးမြို့ (ပုံဟောင်း)/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *