မင်းအောင်လှိုင် ခြောက်လုံးတန်းကို ကြောက်ကန်ကန်ခြင်း

အခုအချိန်လောက်ဆို ဒုတိယအာဏာရှင်ဟောင်း သန်းရွှေ တယောက် နေဝင်းအပေါ် ပြုခဲ့တဲ့ ဝဋ်ပြန်လည်နေပြီလို့ တွေးကာ သောကပွေနေမယ် ထင်ရဲ့။

နေပြည်တော်ခြောက်လုံးတန်းက အာဏာရှင်ဟောင်း သန်းရွှေ၊ မောင်အေး၊ သမ္မတဟောင်း သိန်းစိန်၊ တင်အောင်မြင့်ဦး၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရရွှေမန်းနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဟောင်းတင်အေးတို့ ပြင်ပနဲ့ အဆက်အစပ်မရှိအောင် ဓားရေးထက်နေတဲ့ မင်းအောင်လှိုင်က ကန့်သတ်လိုက်တယ်။ သူတို့ ၆ ဦး အပြင် ထွက်ချင်ရင် ကြိုတင်အသိပေး၊ ခွင့်ပြုချက်ပေးမှသွား၊ သူတို့ဆီလာတွေ့တဲ့သူတွေရဲ့အမည်နဲ့ ကြာချိန်ကိုလည်း မင်းအောင်လှိုင်ဆီ တင်ပြရတယ်လို့ စိတ်ချရတဲ့ Myanmar Now သတင်းဌာနက ဇူလိုင် ၂၄ ရက်မှာ ဖော်ပြခဲ့တယ်။

အဲဒီလို အပြင်သွားချင်တိုင်းလည်း သွားလို့မရ။ အပြင်ကနေ လာတဲ့သူတွေကိုလည်း စစ်ဆေးမေးမြန်းကာ မင်းအောင်လှိုင်ထံ သတင်းပို့နေရလေတော့ မင်းအောင်လှိုင် စိတ်တချက် ကွက်ရင် ထောင်ထဲ တန်းရောက်သွားနိုင်တာမို့ ဘယ်သူက လာရဲတော့မလဲ။ အခုလို ကန့်သတ်လိုက်မှုကို တည့်တည့်ပြောရမယ်ဆိုရင် ခေါင်းစဉ်တပ်မထားတဲ့ အကျယ်ချုပ်။

တချိန်တုန်းက သန်းရွှေအကျယ်ချုပ်ချလို့ အသက်ကြီးမှ အကျယ်ချုပ်ဘဝနဲ့ ပထမအာဏာရှင် နေဝင်း သေခဲ့ဖူးတယ်။ ဒါပေမဲ့ နေဝင်းနဲ့ သန်းရွှေဆိုတာက ဆရာတပည့်ရင်းတွေတော့ မဟုတ်ဘူး။ သန်းရွှေက စောမောင်ပြီးရင် စီနီယာလည်းဖြစ်၊ ခပ်တုံးတုံးငနဲကြီးပုံလည်း ပေါက်နေတာမို့ အန္တရာယ်မရှိလောက်ဘူးလို့ အထင်ခံခဲ့ရသူ။ ခပ်တုံးတုံးကြီး သန်းရွှေ ခေါင်းပေါင်းကြီးလည်း ဖြစ်ရော ခြေဖဝါးချင်းလာတိုင်းနေတဲ့ နေဝင်းမြေးတွေတင်မက နေဝင်းကိုပါ ဆွဲလှဲပစ်လိုက်ရော။ ဘာပဲဖြစ်ဖြစ် ဆရာ၊ တပည့် ဆက်ဆံရေးမရှိခဲ့တာကြောင့် သိပ်ထောက်ထားစရာမလိုဘူးပေါ့။

အခုကျတော့ မင်းအောင်လှိုင် ဆိုတာက သန်းရွှေ စိတ်ကြိုက်ရွေးခန့်ခဲ့လို့ ကာချုပ်အဖြစ်ကနေ အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်လာတဲ့သူ။ သန်းရွှေရဲ့ တပည့်ရင်းထဲက သူစိတ်ချရပါတယ်ဆိုတဲ့ တယောက်။ သန်းရွှေခေါင်းပေါင်းကြီးဘဝတုန်းက မင်းအောင်လှိုင်ဆိုတာ အိမ်ခေါ် ဖိနပ်တိုက်ခိုင်းခဲ့ရင်တောင် ဂုဏ်ယူစွာနဲ့ ပျော်ပျော်ကြီး ဖိနပ်တိုက်ပေးရမယ့်အဆင့်မျိုး။ တခြားသော စီနီယာတွေ၊ စစ်တပ်ထဲ တိုက်ခိုက်ရေး ဂုဏ်သတင်းရှိခဲ့သူတွေကိုကျော်ကာ မထင်မရှား မင်းအောင်လှိုင်ကို မတန်မရာ ကာချုပ်ရာထူးပေးအပ်ခဲ့သူကြီးက အခုတော့ တပည့်ကျော်ကြီးက တဖန်ပြန် ကျေးဇူးသိတတ်ခြင်းမှာ လူးလိမ့်နေပြီလို့ထင်ရ။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်တုန်းက စာဖတ်သူကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ သန်းရွှေတယောက် အခု လောက်ဆို ပုတီး တဂျောက်ဂျောက်စိပ်ကာ စိတ်တွေလည်း ကယောက်ကယက်ဖြစ်နေမလား။

သတင်းတွေကို ဆက်စပ်ကြည့်လိုက်တော့ ဇွန်လကုန်ပိုင်းမှာ တရုတ်ရဲ့ ဖိတ်ကြားမှုအရ သမ္မတဟောင်း သိန်းစိန် ဘေဂျင်းသွားပြီးနောက် အကျယ်ချုပ်ပြဿနာကြီး စတင်ခဲ့တဲ့ပုံ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်မှု နှစ် ၇၀ ပြည့် အခမ်းအနားသို့ တရုတ်အစိုးရက သမ္မတဟောင်းသိန်းစိန်ကို ဖိတ်ကြားခဲ့တယ်။ အဲဒီအခမ်းအနား ဖိတ်ကြား တက်ရောက်မှုက ဟန်ပြ၊ အဲဒါရဲ့ နောက်ကွယ်မှာ မြန်မာ့အရေးလေးနက်တဲ့ ဆွေးနွေးမှုတွေ ရှိလိမ့်မယ်လို့ အများက ရှုမြင်ခဲ့ကြတယ်။

ဘေဂျင်း နှစ် ၇၀ ပြည့်အခမ်းအနားရဲ့ ပြင်ပ ဇွန် ၂၉ ရက်မှာ သိန်းစိန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းတက်လာပေမဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတယ်လို့သာ အပေါ်ယံရှပ်ရှပ် ဖော်ပြထားတာ ဖတ်ရတယ်။

မင်းအောင်လှိုင်အာဏာစွန့်ရေး ဖျောင်းဖျပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သိန်းစိန်ကို ပြောကြားခဲ့ကြောင်း စင်ကာပူအခြေစိုက် Channel News Asia က ဇူလိုင် ၁၀ ရက်မှာ ဖော်ပြပြီးမှသာ ဘေဂျင်းသွား သိန်းစိန်တောလားဟာ လှုပ်ခတ်လာတော့တယ်။ စိတ်ကူးယဉ်ရတာ ဝါသနာပါတဲ့ တရုတ်က မင်းအောင်လှိုင် အာဏာစွန့်၊ ကြားဖြတ်အစိုးရဖွဲ့ပြီးနောက် ရွေးကောက်ပွဲလုပ်ဆိုတဲ့ လမ်းကြောင်းကို သိန်းစိန်ကနေတဆင့် မင်းအောင်လှိုင်နားထဲ လှမ်းပို့တဲ့ပုံ။ ဒါမှမဟုတ်၊ မင်းအောင်လှိုင်အပေါ် လုံးဝမလိုလားကြောင်း တရုတ်က အတိအလင်း ပြောကြားလိုက်တဲ့ပုံ။

သိန်းစိန် နေပြည်တော်ပြန်ရောက်တော့ မင်းအောင်လှိုင်နဲ့တွေ့ကာ တရုတ်ရဲ့ ဆွေးနွေးချက်တွေကို ပြန်ရီပို့လုပ်ရမှာသေချာတယ်။ သိန်းစိန်က တရုတ်ပြောတဲ့အတိုင်း တည့်တည့်ကြီးမဟုတ်ဘဲ အတတ်နိုင်ဆုံး ကြည့်ကောင်းအောင် ပြန်ပြောမှာလည်း သေချာတယ်။ ပြီးတော့ တရုတ်ဖြစ်စေချင်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးအဖြေရှာဖို့ အာချောင်လိုက်မိတာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာ စစ်ကောင်စီလည်းမဟန်။ မင်းအောင်လှိုင် ကောင်းမှု အကြောင်းပြုပြီး သူတို့စစ်ဗိုလ်ချုပ်ဟောင်း၊ အာဏာရှင်ဟောင်းတွေပါ အခြေမဟန်ဘူးဆိုတာ သိနေတာကြောင့် အခွင့်ရတုန်း စစ်အုပ်စုဝင်အားလုံး အထိမနာမယ့်လမ်းကို အာချောင်မိခြင်းလည်း ဖြစ်နိုင်တယ်။

အာဏာစွန့်ခိုင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်ပွဲထုတ်စေခြင်းဆိုတာ မင်းအောင်လှိုင်ရင်ဘတ် အရှင်လတ်လတ် ဟက်တက်ခွဲလိုက်တာနဲ့မခြား၊ ဘယ်လို အကြောင်းနဲ့မှ လက်ခံနိုင်စရာမရှိ၊ မင်းအောင်လှိုင်အပေါ် တည့်စိန်ခေါ်ချက်။ ခြောက်လုံးတန်းက ရေမြွေအိုကြီးတွေက တရုတ်လမ်းကြောင်းဘက် ယိမ်းနေတာကြောင့် တရုတ်နဲ့ နောက်ထပ် ပတ်သက်တာမျိုးမရှိ အောင်နဲ့ လက်ရှိ စစ်ကောင်စီထဲက ခြောက်လုံးတန်း ဩဇာခံ ဗိုလ်ချုပ်ကြီး၊ ငယ်တွေ ခြောက်လုံးတန်းထဲ ခြေမများ၊ အားမချောင်ရအောင် တင်ကြို အကျယ်ချုပ်လိုက်ခြင်းလည်း ဖြစ်နိုင်ရဲ့။

နောက်ထပ်ဖြစ်နိုင်ခြေတခုက တရုတ်ဖြစ်စေချင်တဲ့ လမ်းအတိုင်း သိန်းစိန်ကို ဦးဆောင်စေကာ ကြားဖြတ်အစိုးရဖွဲ့ခိုင်းပြီး အဲဒီကြားဖြတ်အစိုးရရဲ့ ထိပ်မှာ မင်းအောင်လှိုင်ရှိနေတာမျိုး ကြံဆမှုအပေါ် သိန်းစိန်က ငြင်းဆိုလိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။

သိန်းစိန်က တခြားစစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ နှိုင်းယှဉ်ရင် အာဏာရမ္မက်နည်းတဲ့သူ။ မင်းအောင်လှိုင် အမှန်တကယ် အာဏာစွန့်ပြီး ကြားဖြတ်အစိုးရကို သိန်းစိန်စိတ်ကြိုက် ဦးဆောင်ခွင့်ပြုတယ်ပဲထားဦးတော့။ ဒီလောက်ရှုပ်ထွေးနေတဲ့အခြေအနေမှာ ဘယ်သူက နာမည်အပျက်ခံ၊ အစတေးခံပြီး ခေါင်းထိုးခံဝံ့မလဲ။

မင်းအောင်လှိုင်က အရှုံးကြီးရှုံးနေတဲ့သူ၊ သံတမန်ရေးကြည့်မလား၊ စီးပွားရေးကြည့်မလား၊ စစ်ရေး ကြည့်မလား၊ စစ်အုပ်စုတွင်း ထောက်ခံမှုကို ကြည့်မလား၊ အရှုံးကြီးရှုံး အရာအားလုံးသည် တဲတဲကလေး။ တွေးလိုက်ရင် အကြောက်တရားတွေက ပတ်ပတ်လည် ဒင်းကြမ်းပြည့်။ အကြောက်ကြီးနေသူ၊ အရှုံးကြီးနေသူတို့ရဲ့ ထုံးစံအတိုင်း ဘယ်သူ့ကိုမှ မယုံ၊ သံသယတွေက အဆုပ်လိုက်။

ဒါ့ကြောင့် ဖြစ်လာနိုင်ခြေရှိတယ်လို့ ထင်တာမှန်သမျှ ကြောက်ကန် ကန်ရတော့တယ်။ အာဏာအတွက် ဇာတ်တူသားစားတယ်ဆိုတာ သူတို့စစ်တပ်မှာ ထမင်းစား ရေသောက် အညောင်းပြေ ခါးကြောတချက် ဆွဲဆန့်သလောက်ပဲ မဟုတ်လား။

မင်းအောင်လှိုင်က သမ္မတရူး ရူးနေလေတော့ ကြောက်ကန်ကန်ရတယ်။ မင်းအောင်လှိုင်ဟာ ကျားမြီးဆွဲကာ နေပြည်တော်မှာ ပတ်ပြေးနေရသူ မဟုတ်လား။ ဇာတ်တူသားစားတာ ဘယ်ဆန်းလိမ့်မလဲ။

ထွန်းလင်း/DVB

August 11, 2024


Comments

Leave a Reply

Your email address will not be published. Required fields are marked *