စစ်တပ်သင်တန်းဆင်းများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်

မြင်းမူမြို့အဝင်တွင် စစ်တပ်သင်တန်းဆင်းများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အဝင်တွင် အကြမ်းဖက် စစ်တပ် သင်တန်းဆင်းများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း Moe Nyo Revolution Force MNRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မုံရွာမြို့မှ စတင်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် သင်တန်းဆင်းများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မှန်လုံကား ၂ စီး၊ အန်စာတုံးကား ၁ စီးနှင့် သံပြားကာ ကား ၁ စီး ပါဝင်သော ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက မြင်းမူမြို့ အဝင် တိုးဂိတ်အနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သင်တန်းဆင်း တပ်သားများ တင်ဆောင်လာသော မှန်လုံကားသည် လမ်းဘေးတွင် တိမ်းမှောက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး၍ ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ မစိုးရိမ်ရ ဒဏ်ရာအနည်းသာ ရရှိခဲ့ကြောင်း သိရှိရသည်။

“မြင်းမူမြို့ကို မြင်းမူသားတွေ ရှိနေသမျှ သမိုင်းအရိုင်းခံမှာမဟုတ်ဘူး အဆုံးထိ တော်လှန်သွားမယ်” ဟု Moe Nyo Revolution Force MNRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU)၊ Moe Nyo Revolution force MNRF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *