ဆီဆိုင်မှာ တိုက်ပွဲ ဆက်ဖြစ်နေတာမှာ စစ်ကောင်စီတပ်သား ၃ ဦးအသေမိပြီး ၁ ဦးအရှင်မိ

ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ PNLO နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီဘက်က အလောင်း ၃လောင်းကျန်ခဲ့ပြီး သုံ့ပန်း ၁ ဦး MA1 ၁လက်နဲ့ ဒရုန်း ၁ စင်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ စစ်သုံ့ပန်းက ​ရွှေဘို မှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ပြီးနောက် ဆီဆိုင်ကို အပို့ခံရတာ ၁ လ မပြည့်သေးဘူးလို့ ထွက်ဆိုတယ်လို့ PNLO စစ်ဘက်ပြန်ကြားရေးက ပြောပါတယ်။

“ဒါက သေတွင်းပို့လိုက်တာပဲပေါ့၊ အာဏာရူးမင်းအောင်လှိုင်က သေတွင်းပို့တဲ့အချိန်မှာ မသေချင်ဘူးဆိုရင်တော့ ပါးနပ်မှရမယ်၊ လိမ္မာမှရမယ်၊ အတင်းဆွဲလို့ဖြစ်ဖြစ်၊ ပေါ်တာဆွဲလို့ ပါသွားတာပဲဖြစ်ဖြစ် ရှေ့တန်းအပို့ခံရတဲ့အချိန်မှာ ပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ပါ၊ဘက်ပြောင်းခိုလှုံပါလို့ တိုက်တွန်းချင်တယ်၊ ကိုယ့်ရဲ့အသက်၊ မိသားစုကို တန်ဘိုးထားရင် အဓမ္မကိုစွန့်ခွာပြီး ဓမ္မဘက်ကို ပြောင်းလဲရပ်တည်ပါလို့ပြောချင်ပါတယ်”လို့ PNLO ပြောရေးဆိုခွင့် ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

သြဂုတ်လ ၃ ရက် စစ်ကောင်စီက လွယ်ထွယ်ရွာမှာ အခြေပြုပြီး လက်နက်ကြီးနဲ့ PNLO ဌာနချုပ် ကိုတိုက်ခိုက်ရာက တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက ဘက်က ၂၀ ကျော် ကျဆုံးခဲ့သလို ဖမ်းဆီးရမိ အနည်းဆုံး ၅ ဦး ရှိနေပြီး လက်နက်ငယ် ၂၀ ခန့်နဲ့ ဒရုန်း ၂ စင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်ပေါင်းစုဘက်က ဒရုန်းကြောင့် ခြေ ၂ဘက် ထိခိုက်ဒဏ်ရာသူအပါအဝင် ၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *