မိုးဗြဲရေကာတာ ဖွင့်ချနေဆဲဖြစ်တာကြောင့် စပါးစိုက်ဧက ထောင်နဲ့ချီ ရေမြုပ်ပျက်စီးနေ

ရှမ်းပြည်တောင်ပိုင်းရှိ မိုးဗြဲရေကာတာဖွင့်ချမှု‌ အချိန်ကာလအားဖြင့် နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်တာကြောင့် စပါးစိုက်ဧက ထောင်နဲ့ချီ ရေမြုပ်ပျက်စီးလျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ရေကာတာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှ လက်ရှိအချိန်အထိ ဖွင့်ချထားဆဲဖြစ်ပြီး ရိက္ခာအတွက် စစ်ဘေးရှောင်တွေ ကိုယ်ထူကိုယ်ထ စိုက်ပျိုးထားတဲ့ ဘီလူးချောင်းဘေးက စပါးစိုက်ခင်းတွေ အပါအဝင် လယ်ဧက ထောင်နဲ့ချီ ရေမြုပ်ပျက်စီးကုန်တယ်လို့ သိရပါတယ်။

မိုးဗြဲမှာတော့ ဝမ်းရေးအတွက် မိုးစပါးနဲ့ ငါးမွေးမြူးရေး လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြတာဖြစ်ပြီး အခုလို ရေကြီးနစ်မြုပ်မှုကြောင့် ရေရှည်မှာ စားနပ်ရိက္ခာ ဖူလုံမှု ထိခိုက်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စားဝတ်နေရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေပါ။ အဲဒါကြောင့် တချို့ကတော့ နောက်မှ နေပြန်လှန်းမယ်ဆိုပြီး တနပ်စာရရ၊ နှစ်နပ်စာရရ၊ ရသလောက်လေး ရေထဲမှာပဲ သွားရိတ်ကြတယ်။ ဒီ စပါးပင်တွေက စစ်ဒဏ်ကြားထဲမှာ ဝမ်းရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ပြီး စိုက်ထားရတာ။ ဆုံးရှုံးမှုကတော့ ကြီးတာပေါ့” လို့ မိုးဗြဲအင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် လက်ရှိမှာ ဘီလူးချောင်းဘေးက ရပ်ကွက်၊ ကျေးရွာတွေမှာ ရေကြီးနေပြီး ဘီလူးချောင်းတလျှောက်က စပါးခင်း ဧက ၄၀၀၀ ဝန်းကျင် ရေနစ်မြုပ်ကုန်သလို ငါးကန် ဧက ၂၀၀ ဝန်းကျင်လောက်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အခုလို မိုးဗြဲရေကာတာကနေ ရေဖွင့်ချနေမှုနဲ့ ပတ်သက်လို့ ဆည်မြောင်းဌာနနဲ့ နီးစပ်သူတယောက်က “ရေအရမ်းများနေတာကြောင့်ပါ။ ဆည်ကျိုးမှာစိုးလို့ ဖြည်းဖြည်းချင်း ဖောက်ချနေတာပါ။ ပုံမှန်ထက်ပိုပြီး မိုးရေများရင် ဆည်က တောင့်မခံနိုင်တော့တာရှိတယ်။ ဆည်ကျိုးကျတတ်တယ်။ အဲဒါကြောင့် ဆည်ရေကို ဖြည်းဖြည်းချင်း လွှတ်ချနေတာပါ” လို့ ပြောပါတယ်။

အဲဒီလို ရေကာတာ ဖောက်ချနေမှုကြောင့် ဘီလူးချောင်းအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ချောင်းတလျှောက်ရှိ အနိမ့်ပိုင်းကျေးရွာတွေက ဒေသခံပြည်သူ ၃၃၀၀ ဝန်းကျင် ရေဘေးသင့်လျက်ရှိကာ ရေသန့်၊ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အမိုးအကာတွေလည်း အရေးပေါ် လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရတာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှုတွေလည်း ဖြစ်ပွားနေတဲ့အတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

တိမ်းရှောင်ဖို့နေရာမရှိတဲ့ စစ်ဘေးရှောင်တွေဟာ စပါးစိုက်ခင်းအနီးအနားမှာသာ နေထိုင်ကြရပြီး ရှိတဲ့ရေကိုသာ အသုံးပြုနေရတာ‌ကြောင့် စစ်ရှောင်ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်မှာ အရေပြားယားနာတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

“ရေက ရေသေလည်းဖြစ်တယ်။ အိမ်သာတွေလည်း ရေမြုပ်နေတာဖြစ်တဲ့အတွက် ရေမသန့်တာတွေ ဖြစ်လာတယ်။ ဒီရေထဲမှာပဲ ဖြတ်သန်းသွားလာနေကြရတယ်။ ဒီရေကိုပဲ ရေချိုးတာ၊ သောက်သုံးရေအတွက်လည်း ဒီရေကိုပဲ ကျိုချက်ပြီးသုံးစွဲတာရှိတယ်။ အဲဒါကြောင့် အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာကြတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ဆေးခန်းတွေလည်း ရေနစ်မြုပ်ကုန်တဲ့အတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်လျှောက်မှုတွေလည်း မပေးနိုင်တာကြောင့် စစ်ဘေးရှောင်တွေအတွက် ကာပေါ်လစ်ဆပ်ပြာ၊ ယားနာလိမ်းဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွင်းကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ မိုးဗြဲရေကာတာကနေ ရေဖောက်ချမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာ၊ ဖောင်းတောကျေးရွာနဲ့ အနီးတဝိုက်မှာ ရေနစ်မြုပ်ခဲ့ပြီး စပါးခင်း ဧကအများအပြားအပြင် ကြက်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းတွေလည်း ပျက်စီးခဲ့ရပါတယ်။

မိုးဗြဲရေကာတာဟာ မြို့မြောက်ဘက် ၂ မိုင်ကျော်အကွာမှာ တည်ရှိပြီး အဲဒီ ရေကာတာရဲ့ ရေလွှတ်တံခါးအနီးမှာ နစကရဲ့ ခြေမြန်တပ်ရင်း – ခမရ (၄၂၂) အခြေစိုက်ကာ မိုးဗြဲမြို့ကိုတော့ ကရင်နီ တော်လှန်ရေးအင်အားစုက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Photo:CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *