ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့မှာ စစ်ကောင်စီလက်အောက်ခံ ပါတီဝင်တွေနဲ့ Non-CDM ဝန်ထမ်းတချို့ရဲ့ နေအိမ်တွေကို မနေ့ (ဩဂုတ် ၁၁)ကစပြီး တော်လှန်ရေးအင်အားစုတွေက လိုက်လံ ချိတ်ပိတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။
မိုးကုတ်မြို့က ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ရဲ့ မြို့နယ်ဥက္ကဌနေအိမ်တွေနဲ့ ဟော်တယ် အပါအဝင် စစ်ကောင်စီသတင်းပေး (ဒလန်) Non-CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေကို လိုက်လံ ချိတ်ပိတ်ထားတယ်လို့သိရပါတယ်။
“ဥက္ကဌတွေက အစောကတည်းက ရှောင်ကုန်ပြီ။ ရဲဘက်က ဒလန်မတွေနဲ့ ဆေးရုံအုပ်ကြီးရဲ့ အိမ်တွေလည်း ပါတယ်လို့ ကြားတယ်။ Non အိမ်တိုင်း မပိတ်ဘူး။ နန်းရော ဒလန်ရော ၂ ချက်လုံးပြည့်စုံမှ ပိတ်တာ” လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ ချိတ်ပိတ်ခံရတဲ့ နေအိမ်နဲ့ ဟိုတယ်စုစုပေါင်း ၂၀ ကျော်ရှိပြီး ဖမ်းဆီးရမိထားတဲ့ ဒလန်တွေကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အလားတူ လားရှိုးမြို့မှာလည်း စစ်ကောင်စီနဲ့ အဆက်သွယ်ရှိတဲ့ Non-CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေ အပါအဝင် ကြံ့ဖွံ့ပါတီဝင်၊ ရဲနဲ့ စစ်ကောင်စီ အရာရှိ၊ ဌာနဆိုင်ရာရုံး၊ အုပ်ချုပ်ရေးမှူးရုံး တို့ကိုကိုးကန့်တပ်မတော်(MNDAA)က လိုက်လံချိတ်ပိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ MNDAA က Non-CDM ဝန်ထမ်းတွေကို ခေါ်ယူအသုံးပြုမယ်လို့ ထုတ်ပြန်ထားဖူးပေမယ့် လတ်တလောမှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေသေးသူတွေရဲ့ နေအိမ်တွေကိုပဲ ချိတ်ပိတ်နေတာ ဖြစ်ပါတယ်။
“စစ်တပ်ဖက်ကတော့ လူမရှိတဲ့အိမ်တွေ ပိတ်တယ်လို့ လျှောက်ပြောနေတယ်။ တကယ်က ဒလန်အိမ်တွေပါ။ အိမ်တွေကို ဝင်စစ်ပြီး စစ်ကောင်စီနဲ့ တခုခုပတ်သက်တယ်။ ရာထူးယူထားတယ်။ လက်ရှိလည်း ဆက်နွယ်နေတယ်ဆိုမှ ပိတ်တာပါ” လို့ ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လတ်တလော မိုးကုတ်မြို့မှာ မူးယစ်ဆေးသုံးစွဲနေတဲ့ လူငယ်တွေကို တော်လှန်ရေး အင်အားစုတွေက မြို့သန့်ရှင်းရေးလုပ်ဆောင်ဖို့ ဒဏ်ခတ်ထားသလို လားရှိုးမြို့မှာလည်း MNDAA တပ်ဖွဲ့ဝင်တွေက မြို့ခံတွေနဲ့အတူ နေ့တိုင်း သန့်ရှင်းရေးလုပ်ဆောင်နေပြီး မကြာမီကာလအတွင်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်တော့မယ်လို့ သိရပါတယ်။
Leave a Reply