စစ်အင်္ဂါစဉ်မှ ပျောက်ကွယ်ကာ ရုံးထိုင်ရန်ပင် နေရာမရှိတော့သည့် ရမခတွင် ဗိုလ်ချုပ်အဆင့်ရှိသူကို စစ်တိုင်းမှူး ထပ်မံခန့်အပ်

စစ်အင်္ဂါစဉ်မှ ပျောက်ကွယ်ကာ ရုံးထိုင်ရန်ပင် နေရာမရှိတော့သည့် ရမခတွင် ဗိုလ်ချုပ်အဆင့်ရှိသူကို စစ်တိုင်းမှူး ထပ်မံခန့်အပ်

၁ လ အတွင်း ၃ ယောက်မြောက် စစ်တိုင်းမှူးဖြစ်လာ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) ဦးဆောင်သည့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်သော် လည်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်တိုင်းဌာနချုပ်ကိုကွပ်ကဲရန်အတွက် စစ်တိုင်းမှူး အသစ် ထပ်မံခန့်အပ်လိုက်ကြောင်း သိရသည်။

တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရပြီးဖြစ်သည့် ရမခစစ်တိုင်းဌာနချုပ်ကြီး၏ စစ်တိုင်မှူးအဖြစ် ဗိုလ်ချုပ် မြင့်ကျော်ထွန်းကို စစ်ခေါင်းဆောင်က ထပ်မံခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

“အခုအသစ်ခန့်လိုက်တဲ့နေရာတွေက ရုံးတောင်မရှိတော့တာ။ ပြန်ပြီးထိုးစစ်ဆင်ဖို့လုပ်ထားပုံပဲ။ အစ ကတည်းက မနိုင်လို့ လက်လွှတ်လိုက်ရတာကို ပြန်ပြီး ထိုးစစ်ဆင်မယ်ဆိုတာက ပိုပြီးမဖြစ်နိုင်ဘူး။ တပ်တွင်းဂယက်ကို ထိန်းနိုင်ဖို့ ဟန်ပြလျှောက်ခန့်ထားတာလို့မြင်တယ်။ လောက်ကိုင်တုန်းကဆို တစ်ပတ်လောက်ခန့်ပြီးမှ ပြန်ဆွဲထုတ်တာမျိုးလည်းရှိတယ်”ဟု တပ်သတင်းရင်းမြစ်ကပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့ကတည်းက MNDAA တပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းတပ်မှ ရမခစစ်တိုင်း ဌာနချုပ်ကြီးကို အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိူးမြို့ကိုအုပ်ချုပ်ရေးပြန်လည် လည်ပတ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားရပြီး ရုံးထိုင်စရာ ပင်မရှိတော့သည့် ရှမ်းမြောက် လားရှိုးတွင် အခြေ စိုက်ထားသည့် ရမခစစ်တိုင်းကြီး၏ စစ်တိုင်းမှူးအဖြစ် စစ်ခေါင်းဆောင်က ထပ်မံခန့်အပ်ထားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တွင် တစ်လအတွင်း တိုင်းမှူး သုံးဦးပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်စိုးတင့်မှာ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ထံတွင် စစ်သုံ့ ပန်းအဖြစ် ဖမ်းဆီးခံထားရသည်။

တပ်မ ၉၉ တပ်မမှူးအဖြစ်မှ အသစ်ခန့်အပ်ခြင်းခံရ၍ ရမခ တိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ်စိုးလှိုင်မှာ ရာထူးတိုးပြီးရက်ပိုင်းအတွင်းပင် မူဆယ်မြို့သို့ တိမ်းရှောင်ခဲ့ပြီး ရမခတစ်ခု လုံးကျဆုံးခဲ့ကာ ၎င်းနေရာကို ယခုအသစ်ထပ်မံ ခန့်အပ်ခြင်းဖြစ်သည်။

ရမခ စစ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ် မြင့်ကျော်ထွန်းကို ထပ်မံခန့်အပ်လိုက်ပြီး ရှမ်းမြောက်အပါအဝင် စစ်တိုင်း ၄ ခုကိုကိုင်တွယ်ရသည့် စစ်ဆင်ရေးအထူးအဖွဲ့ မှူး(ကစထ-၂) မှူးအဖြစ် ရဲချုပ်ဟောင်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်အပ်ထားကြောင်း သိရသည်။

ထို့အပြင် TNLA မှ ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁ မှူးဟောင်း ဗိုလ်မှူးချုပ် မျိုးမင်းထွေး‌ နေရာကိုလည်း စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ဟိန်းထက်နောင် (တေဇ ၂၇)ဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ နေပြည်တော် စစ်တိုင်းရုံးပြီးလျှင် ဒုတိယအဆင့်ရှိသည့် ရမခစစ်တိုင်းဌာနချုပ်သည် ယခင်တိုင်းမှူးများဖြစ်သည့် ဗိုလ်ချုပ်လှဦး၊ ဒုတပ်ချုပ်ဟောင်းဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်မြင့်လှိုင်တို့လက်ထက်တွင် အောင်မြင်မှုရရှိခဲ့ပြီး ယခု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်လက်ထက်တွင် ရမခ၏ တပ်မွေးနေ့ ၅၃ နှစ်မြောက်ပင် လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ စစ်ဌာနချုပ်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ-ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ ရမခ စစ်ဌာနချုပ်ရှေ့တွင်တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *