စလင်းမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၄ ဦးသေဆုံး

ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ရွာ၌ အင်အား ၄၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကာ တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွှေတုတ်ကန်ကျေးရွာမှာ ဒီနေ့ မနက်ပိုင်းက စစ်ခွေးတွေနဲ့ ပကဖ အဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေး ၂ ကောင်သေပြီး ပကဖ အဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

အဆိုပါ စလင်းမြို့ မြို့မရဲစခန်းကို မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် (ပကဖ) ၊ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်း (WOLF) တို့မှ ပူးပေါင်း ၍ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စခန်းမှူး တစ်ဦးနှင့်အခြားအဆင့် ၃ ဦးသေဆုံးပြီး ၇ ဦးထက်မနည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စလင်းမြို့ပေါ်ရှိ စစ်သားနှင့် ရဲများ ပူးပေါင်း အင်အား ၃၀ ခန့်ဖြင့် စလင်းချောင်း အနောက်ဘက်ကို ကူးသန်းရန် ချောင်းအရှေ့ဘက် ဥယျဉ်စုရွာအနောက် ဘုရား၀န်းဘေးရောက်ရှိလာစဉ် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့၊မင်းဘူးခရိုင်(ပကဖ)၊မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်း နှင့် မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်း(WOLF)တို့ ပူးပေါင်း၍ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *