တောင်သာရှိ ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေး

စစ်တပ် စစ်ကူလမ်း​ကြောင်းများအား PDFများ ဖြတ်​တောက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်းနှင့် အမှတ် (၁) စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား PDFများက ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(သြဂုတ်၁၂ရက်) နံနက် ၅ နာရီခန့်မှစတင်ကာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တောင်သာမြို့နယ်ရှိ စစ်ကောင်စီ​၏ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူစောထီးရွာ စသည့် နေရာ ၄ နေရာရှိ စစ်ကောင်စီ စခန်းများအား တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်သာပကဖ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဓိကကတော့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ဘုရားလှရွာက ထိတွေ့မှုဖြစ်တယ်။ အကြာကြီးပဲ။ ကျန်တဲ့နှစ်နေရာကတော့ ​ွေးတွေထွက်ပြေးလို့ ထိတွေ့မှုမဖြစ်လိုက်ဘူး။ တောင်သာမြို့က အဆိုးဆုံးဝန်ကြီး ဦးအောင်သောင်းကိုင်တွယ်ခဲ့တဲ့ အမှတ်(၁)စက်ရုံကို မီးရှို့ခဲ့တယ်။စခန်းစွန့်ခွာပြေးကြတာဆိုတော့ အရှင်ဖမ်းမိတာတော့မရှိဘူး။ အသေအပျောက်ကတော့ ရှိတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်းနှင့် ဘုရားလှပျူစောထီးရွာမှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

ထို့အပြင် မြို့ပေါ်၌ စစ်ကောင်စီ၏ ရုံးပေါင်းစုံမှ ဝန်ထမ်းများ မရှိတော့ဘဲ ထွက်ပြေးသွားပြီး စစ်ကောင်စီတပ်​၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်မှုရှိကြောင်း သိရသည်။

လက်ရှိ တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းများကို ဒေသကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့ထားကြောင်းလည်း သတင်းရရှိသည်။

တောင်သာမြို့အဝင်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အခြားပစ်ခတ်ခံရသူများလည်း ရှိနေကြောင်း ဒေသခံများ ပြောသည်။

PDFများက တောင်သာမြို့ရဲစခန်း၊ တောင်သာ-မိတ္ထီလာလမ်းမပေါ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး၊ မြင်းခြံအထွက် အမှတ်(၁၀)အထည်ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)နှင့် ဘုရားလှပျူရွာတို့ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်​​နေပြီး စွပ်ကျယ်စက်ရုံလည်း မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြင်းခြံမြို့ ခမရ(၁၅)တပ်မှလည်း လက်နက်ကြီးများပစ်ကူပေးနေကြောင်း သိရသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ တပြိုင်တည်းတိုက်ခိုက်သည့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(တောင်သာမြို့အဝင်၌ PDFရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *