စစ်ခေါင်းဆောင်ဟောင်းများနေထိုင်ရာ ၆ လုံးတန်းတွင် လုံခြုံရေးတိုးမြှင့်ထား

နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းသည်ဟူသော သတင်း ထွက်ပေါ်​ပြီးနောက် စစ်ခေါင်းဆောင်ဟောင်းများနေထိုင်ရာ ၆ လုံးတန်းတွင် လုံခြုံရေးတိုးမြှင့်ထား

နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တချို့က တန်ပြန်အာဏာသိမ်းရန်ကြိုးစားခဲ့သည်ဟူသော သတင်းများထွက် ပေါ်ပြီးနောက် စစ်ခေါင်းဆောင်ဟောင်းများနေထိုင်ရာ ခြောက်လုံးတန်းနေရာတွင် လုံခြုံရေးတိုးမြှင့် ထားကြောင်း သိရသည်။

“အာဏာသိမ်းဖို့ကြိုးစားတာ မအောင်မြင်ဘူးပေါ့ဗျာ။ အဲ့ဒီနောက်ဆက်တွဲ တပ်တွေကထုတ်နုတ် အင်အားတွေနဲ့ ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့နေတဲ့ ခြောက်လုံးတန်းကို လုံခြုံရေးအဆင့်မြှင့်ထားတယ်။ အဝင်အထွက်တွေကိုပါ ပိုပြီးတင်းကျပ်ထားတယ်” ဟု နေပြည်တော်ရှိ စစ်တပ်အဆင့်မြင့် အရာရှိများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

နေပြည်တော်စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖြုတ်ချပြီး တန်ပြန်အာဏာသိမ်းရန် ဗိုလ်ချုပ်ကြီးအဆင့်ရှိသည့် တပ်ထိပ်ပိုင်းအရာရှိတချို့က ကြိုးပမ်းခဲ့ကြောင်း၊ သတင်းပေါက်ကြားခဲ့သဖြင့် အာဏာသိမ်းမှု မအောင်မြင်ခဲ့ဘဲ စစ်တပ်က ထိုသူများကို ဖမ်းဆီးခဲ့ရကြောင်းပြောသည်။

“တပ်ချုပ်ကို ဖြုတ်ချဖို့လုပ်တာ။ သတင်းပေါက်ကြားလို့ လက်ဦးမှုယူ ဖမ်းလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ စစ်ကောင်စီတပ်တွင်းသတင်းနှင့် တိုက်ပွဲသတင်းများ နေ့စဉ်တင်ဆက် နေသည့် CDM ဗိုလ်ကြီးဇင်ယော်က နေပြည်တော်တွင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖြုတ်ချရန် ကြိုးပမ်းမှု ပေါ်ပေါက်ခဲ့ကြောင်း ပြောကြားသည်။

“နေပြည်တော်မှာ အာဏာသိမ်းတာဟာ တကယ်ဖြစ်သွားတာပါ။ မအောင်မြင်လိုက်လို့၊ ဗိုလ်ချုပ်ကြီး တစ်ယောက် ဦးဆောင်တာပါ။ ဗိုလ်ချုပ်ကြီးဆိုရင် လက်ချိုးရေလို့ ရပါတယ်။ အခုမင်းအောင်လှိုင် စစ်ရုံးထဲမှာ မရှိပါဘူး။ ပုဂံ-ညောင်ဦးဘက်ကို ရှောင်ပြေးနေရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးဖြုတ်ချ၍ တန်ပြန်အာဏာသိမ်းဖို့ ကြိုးပမ်းသည်ဟူသောသတင်းနှင့်ပတ်သတ်ပြီး ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် သီးခြား အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါသတင်းထွက်ပေါ်ပြီးနောက် နေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်ရာဟုခေါ်ကြသည့် စစ်အာဏာ ရှင်ဟောင်း ဦးသန်းရွှေ၊ သူရဦးရွှေမန်း၊ ဦးသိန်းစိန်တို့နေထိုင်ရာနေရာတဝိုက်တွင် စစ်တပ်လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရသည်။

ထိုသို့ အာဏာသိမ်းရန်ကြိုးပမ်းသည်ဟူသောသတင်းများထွက်ပေါ်ခဲ့သော်လည်း ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သလို (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲ ဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ တတိယအကြီးဆုံး စစ်ဌာနချုပ်ဖြစ်သည့် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော် (MNDAA) က ယခုလဆန်းပိုင်းတွင် အပြီးတိုင်သိမ်းပိုက်ခဲ့ပြီးနောက် ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ စစ်တပ်ကာချုပ် ရာထူးများရယူထားသည့် စစ်ခေါင်းဆောင်ကို ရာထူးမှဆင်းပေးရန်ဟူသည့် စစ်တပ်ထောက်ခံသူများ၏ တောင်းဆိုမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

ယင်းသို့တောင်းဆိုမှုများပေါ်ပေါက်သည့်နောက်ပိုင်း စစ်ခေါင်းဆောင်ကို တန်ပြန်အာဏာသိမ်း သည်ဟူသော သတင်းများထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေးအရ သတင်းမှားထုတ်လွှင့်၍ ဝါဒဖြန့်ခြင်းလည်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးအင်အားစုတချို့က သုံးသပ်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *