ရခိုင်စစ်မီးငြိမ်းစေရေး ရုပ်ပွားတော် ၂ ဆူ တည်ထားကိုးကွယ်ရန် စစ်ခေါင်းဆောင် အကြံပေး

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်မီးများ အမြန်ဆုံးငြိမ်းအေးစေဖို့အတွက် ဝန်ကြီးချုပ်ကို စစ်ခေါင်းဆောင်က မာရဝိဇယနဲ့ အဘယရာဇမုနိ ရုပ်ပွားတော် ၂ ဆူ တည်ထားကိုးကွယ်ဖို့ အကြံပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အကြံပေးချက်အရ ဝန်ကြီးချုပ်ဦးထိန်လင်းဟာ သြဂုတ် ၁၂ ရက်မှာ ပြည်နယ်အစိုးရအဖွဲ့ကိုခေါ်ပြီး အစိုးရဘဏ္ဍာငွေထဲမှ ငွေသိန်း ၅,၀၀၀ မတည်ကာ ရုပ်ပွားတော် ၂ ဆူကို တည်ထားကိုးကွယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပြည်နယ်အစိုးရနဲ့နီးစပ်သူတဦးကပြောပါတယ်။

“၁၀ ရက်နေ့က ဝန်ကြီးချုပ်က ကာချုပ်ဆီသွားပြီး ရခိုင်ကိစ္စကူအညီတောင်းတာ ဘုရား တရားမရှိလို့ဆိုပြီး မာရဝိဇယနဲ့ အဘယရာဇမုနိဘုရား ရုပ်တုတွေထုပြီး ကိုးကွယ်ဖို့ ပြောလိုက်တာ ပြည်နယ်အစိုးရဘဏ္ဍာငွေထဲက သိန်း ၅,၀၀၀ မတည်တယ်၊ ကျန်တဲ့ငွေတွေက အလှူခံတာ။”

ရုပ်ပွားတော် ၂ ဆူ တည်ထားကိုးကွယ်ဖို့ သဘောတူညီချက်ရပေမဲ့ မာရဝိဇယရုပ်ပွားတော်ကို တိုင်းစစ်ဌာနအခြေစိုက်ရာ အမ်းမှာ ထားဖို့ပြောနေသလို ပြည်နယ်အစိုးရကလည်း အစိုးရအဖွဲ့ရုံး အခြေစိုက်ရာ စစ်တွေမှာထားမယ့်ကိစ္စနဲ့ ငြင်းခုံခဲ့ကြတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“တပ်ချုပ်က ဘုရား တရားလုပ်ဖို့ ပြောတာကို မာရဝိဇယဘုရားကြီးရဲ့ ရင်ငွေ့တော်ကိုယူပြီး ရခိုင်မှာ ပုံစံတူဆောက်ဖို့ ဝန်ကြီးချုပ်က ပြောတာ၊ အဲဒီငွေတွေကို နခခမှာ ငတ်နေတဲ့ရဲတွေ ရေဘေးသင့်နေရာတွေကို လှူရမှာ။”

လက်ရှိအခြေအနေမှာ ရုပ်ပွားတော် ၂ ဆူ တည်ထားဖို့အတွက် မြေနေရာ ရွေးနေပြီး အလှူခံအဖွဲ့ကို ပြည်နယ်အစိုးရနဲ့ ဌာနဆိုင်ရာပေါင်းကာ ဖွဲ့စည်းထားတယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *