ဟားခါး – ထန်တလန်ကြား စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေဟု CDF အသိပေး

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၂ရက်တွင် Operation Rung အမည်ဖြင့် Chinland Defense Force – Hakha နှင့် Chin National Armyမှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ဟားခါး-ထန်တလန်လမ်းပိုင်းရှိ ကေးဘန်ဇွမ်းစစ်တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ၆၀ မမ လက်နက်ကြီး တစ် လက်၊ MA1 ၂လက်၊ MA2 ၄လက်၊ MA3 ၁လက်၊ MA4 ၂လက်၊ Machine gun ၁လက် စုစုပေါင်း လက်နက် ၁၁လက် နှင့် ကျည်များ၊ မိုင်းများ သိမ်းရဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

CDF ဟားခါးအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဟုလည်း CDF ဟားခါးက ထပ်လောင်းအသိပေးခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်မေတ္တာရပ်ခံထားသည်။

CDFဟားခါးနှင့် CNA အပါအဝင် ချင်းပြည်ကောင်စီအဖွဲ့ဝင် တပ်များသည် ဇူလိုင် ၂၂ရက်မှစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး ထန်တလန်မြို့ အပြီးသတ်သိမ်းနိုင်ရေးတိုက်ပွဲဆက်ဖြစ်နေသည်။

(ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ဟားခါး CDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *