ဖားကန့်ရှိ အမြင့်ဆုံးတောင်ကုန်း စစ်ကောင်စီတပ် အထိုင်စစ်စခန်း လမောင်ကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ လမောင်အထိုင်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ရှိ အမြင့်ဆုံးတောင်ကုန်း အထိုင်စခန်းကြီးဖြစ်သည့် လမောင်စစ်စခန်းကို ယနေ့ ဩဂုတ် ၁၅ရက် နံနက် ၉နာရီ ၃၀မိနစ်တွင် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

ယမန်နေ့ ဩဂုတ် ၁၄ ရက် နေ့လယ် ၂ နာရီ ၃၀မိနစ်အချိန်ကစတင်၍ စစ်ကောင်စီ၏ လမောင်နှင့် တော်မှော်စစ်စခန်းတို့ကို KIAက ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့ကစတိုက်တယ်။ ဖားကန့်ကကျန်နေတဲ့ စစ်တပ်တွေကနေ လက်နက်ကြီးပစ်ကူတယ်။ လေယာဉ်နဲ့ လည်းဗုံးလာကြဲတယ်။ အခုတောမှော်ကို ဆက်တိုက်နေတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီဘက်က စစ်စခန်းများမကျစေရေးအတွက် ဖားကန့်ရှိ စစ်စခန်းများမှ လက်နက်ကြီး ပစ်ကူများအပြင် လေကြောင်းမှနေ၍လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA သည် လမောင်စစ်စခန်းကို သိမ်းပိုက်ပြီးနောက် တစ်ပြိုင်နက်တိုက်ခိုက်နေသည့် တောမှော် စစ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မိုးမောက်ရှိ စစ်ကောင်စီ၏ ခမရ ၄၃၇တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရာ ကာကင်းစခန်းများကို သိမ်းဆည်းထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *