မလှိုင်မြို့ရှိ စစ်ကောင်စီရုံးအချို့ ပြောင်းရွှေ့၊ Non CDMဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်

ကျောက်ပန်းတောင်းတွင်လည်း ကျောင်းများ​ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ရှိ စစ်ကောင်စီ​၏ ဌာနဆိုင်ရာရုံးအချို့ ပြောင်းရွှေ့နေပြီး Non CDM ဝန်ထမ်းများပါ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင် မြို့နယ်သုံးခုတွင် စစ်ဆင်ရေးစတင်ပြီးနောက် နယ်မြေချင်းထိဆက်နေသည့် မလှိုင်မြို့တွင်လည်း မြို့ပေါ်ရှိ စစ်ကောင်စီ၏ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ မိတ္ထီလာမြို့သို့ ပြောင်းရွှေ့သွားကြောင်း၊ အလားတူ အခြားဌာနဆိုင်ရာရုံးအချို့လည်း ပြောင်းရွှေ့ရန်စီစဥ်နေကြောင်း မလှိုင်မြို့ခံများက ပြောသည်။

“မလှိုင်မြို့ပေါ် မှာတော့ လဝက ရုံးက ထီလာကိုပြောင်းရွှေ့သွားပါပြီ။ စီးပွားရေးဘဏ်ကငွေတွေတော့ ထီလာ(မိတ္ထီလာ)သယ်မယ်လို့ ကြားပေမဲ့ အတည်မပြုနိုင်သေးပါဘူး။”ဟု လူထုသတင်းကွန်ယက်-မလှိုင်မြို့၏ တာဝန်ရှိသူက ပြောသည်။

အလားတူ ကျန်ရှိနေသည့် မီးသတ်နှင့် အခြားဌာနဆိုင်ရာအရာရှိများ၊ ဝန်ထမ်းများမှာလည်းလည်း ဝန်ထမ်းအိမ်ယာများ၌ မနေရဲတော့၍ တိမ်းရှောင်မှုများ ရှိလာကြောင်း ဒေသခံများက ပြောသည်။

“တခြားမြို့တွေကနေ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေကတော့ တိမ်းရှောင်ထွက်ပြေးကြပါတယ်။ နွားထိုးကြီးဖြစ်ပြီးမှ​ အခုလိုဖြစ်တာ။”ဟု မလှိုင်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကလည်း မလှိုင်မြို့ပေါ်၌ အင်အားဖြည့်တင်းထားပြီး ထီးဆောင်းကြီးဘုရားဝင်းအတွင်း၌ အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားကြောင်း၊ မလှိုင်မြို့ အဝင်၊ အထွက်များတွင် လည်း ဂိတ်ဖွင့်၍ စစ်ဆေးမှူများရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့၏ တာဝန်ရှိသူက ပြောသည်။

မလှိုင်မြို့သည် နွားထိုးကြီးမြို့နှင့် (၁၈)မိုင်ခန့်အကွာတွင် တည်ရှိသည်။

အလားတူ တောင်သာမြို့နှင့် မိုင် (၅၀)ဝန်းကျင်​ဝေးသည့် ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း PDFရဲဘော်များက မြို့သိမ်းတိုက်ပွဲဖော်ဆောင် မည်ဟုသတင်းများကြောင့် အခြေခံပညာကျောင်းများ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“မြို့ပေါ် ခ အင်အားကတော့ နေရာအတော်များများမှာ ပျူတွေနဲ့အတူတူထိုင်ထားတယ်။ မနေ့ကတော့ ကျောင်းတွေအကုန် ပိတ်လိုက်တယ်။ သူတို့အချင်းချင်းဆိုက်ဝါးမိတာ မြို့လာသိမ်းတော့မယ်ဆိုပြီးတော့ပေါ့။”ဟု အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကျောက်ပန်းတောင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ကျောက်ပန်းတောင်း မြို့အဝင်၊ အထွက်နေရာအားလုံးကို အင်အားတိုးမြှင့်ချထားကြောင်း ၎င်းက ပြောသည်။

မြို့တွင်း နေရာ၆ခုခန့်၌လည်း တစ်နေရာလျှင် အင်အား ၅၀ ဝန်းကျင် ချထားပြီး ခြေလျင်တပ် ရင်းအမှတ် (၇၈)တွင်လည်း အင်အားထပ်ဖြည့်ထားကြောင်း သိရသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းများက စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ၊ စစ်သုံ့ပန်းများပါ ရရှိခဲ့သည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့များရှိ စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ မြို့ပေါ်မှတိမ်းရှောင်သွားပြီး စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *