ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမှာ စစ်အုပ်စု တွေ့သမျှလူ ဖမ်းဆီး ပေါ်တာဆွဲ၊ လူဦးရေ ရာနဲ့ချီ ပါသွား

မန္တလေးတိုင်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်က လမ်းဆုံလမ်းခွတွေနဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီမနက်ပိုင်း စီးနင်းကာ တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူဦးရေ ရာနဲ့ချီ ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ ဩဂုတ်(၁၆)ရက် မနက်(၇)နာရီလောက်က စတင်ပြီး တံတားဦးမြို့ အနောက်ဘက်အထွက်၊ တံတားဦး – မြို့သာ – မြင်းခြံ လမ်းတလျှောက် စစ်အုပ်စုက တွေ့သမျှလူ ကားပေါ်ဆွဲတင်ပြီး ဖမ်းဆီး ပေါ်တာဆွဲသလို နေ့လည်(၁၂)နာရီကျော်မှာ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုရွာ လမ်းဆုံ၊ ညနေ(၄)နာရီလောက်မှာ ကျောက်ဆည်မြို့၊ အနောက်ဘက်က ကျေးရွာတွေကို စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးတာလို့ ဆိုပါတယ်။

“မနက်(၇)နာရီခွဲ တံတားဦးမြို့ အနောက်အထွက် (မြို့သာလမ်း) လက်ပံကွေ့မှာ ခရီးသွား ပြည်သူတွေနဲ့ မန္တလေးကို အလုပ်သွားလုပ်တဲ့ လူငယ်တွေ (အများစုက နေ့စား – ပန်းရံ) ကို ဆိုင်ကယ်တွေ တားပြီး ချောဆွဲထားတဲ့ ကားတွေပေါ် အတင်း တက်ခိုင်းတယ်။ ထွေအုပ်ရုံးကို ပထမဆုံး ခေါ်သွားပါတယ်။ ခေါ်သွားတဲ့ကား အရေအတွက် ခုနှစ်စီး၊ ကားအမျိုးအစားတွေက ကန်တာ၊ လိုက်ထရပ်တွေ ဖြစ်ပြီး ခန့်မှန်း လူ (၂၅၀)ခန့် ရှိပါမယ်။ ဖမ်းဆီးပြီးနောက် မိသားစုဝင်တွေကို ဖုန်းဆက်ခေါ် လက်မှတ်ထိုးခိုင်းပါတယ်။ ခန့်မှန်း လူ (၂၅၀)ထဲက (၈၀)ခန့်ကို ညနေ(၄)နာရီအချိန် ကန်တာတစ်စီး၊ လိုက်ထရပ်တစ်စီး အပြည့်နဲ့ ဘယ်လင်းဘက် (ကျောက်ဆည်- ဘယ်လင်း) ပို့နေပါပြီ” လို့ဘ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

အဲ့ဒီ တံတားဦးမြို့အဝင်ဂိတ် ပေါ်တာဆွဲ ဖမ်းဆီးမှုကို တံတားဦးမြို့က စစ်အုပ်စု ကောင်စီဝင် ဗိုလ်မှူးအဆင့် သန်းနိုင်က ဦးဆောင်ပြီး ပျူ၊ ထွေအုပ်၊ မီးသတ် စတာတွေနဲ့ စစ်အုပ်စု လက်နက်ကိုင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“တံတားဦးမြို့နယ် ကျေးရွာအသီးသီးက လူငယ်(၁၀၀)ကျော် ပေါ်တာအဆွဲခံရပါတယ်။
ဒီနေ့ မနက်ခင်းပိုင် သက်ဆိုင်ရာ လုပ်ငန်းခွင်ထဲ ဆိုင်ကယ်နဲ့သွားသူ အပါအ၀င် အရောင်းအဝယ် လုပ်ဖို့ သွားတဲ့ လူငယ်တွေကို တားဆီး၊ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်” လို့ ဆွေမျိုးနီးစပ်သူတွေ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတဲ့ တံတားဦးဒေသခံ တစ်ဦးကလည်းပြောပါတယ်။

အဲ့ဒီနောက် နေ့လည်(၁)နာရီဝန်းကျင်မှာ စဉ့်ကိုင်မြို့နယ် ရွာဘိုရွာ လမ်းဆုံကို စစ်အုပ်စုနဲ့ ပျူ (၁၀)ယောက်ခန့် အပါအဝင် စစ်အုပ်စု မြို့နယ်ကောင်စီဝင်တွေ ရောက်လာပြီး ရွာဘိုရွာသားနဲ့ လမ်းသွားလမ်းလာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စဉ့်ကိုင်မြို့နယ် ရွာဘိုရွာလမ်းဆုံမှာ ယနေ့ (၁)နာရီကျော်အချိန် ပြည်သူ့စစ်အဖွဲ (၁၀)ခန့်နှင့် မြို့နယ် ထွေအုပ်ရုံး အဖွဲ့မှ ရွာဘိုရွာသား တစ်ယောက်နဲ့ မုံပင်းကျေးရွားသား လေးယောက် စစ်သားစုဆောင်းခြင်းကို အတင်းအားဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ ကားပေါ်မှာလည်း သုံးယောက် ဒီနည်းအတိုင်း ခေါ်ဆောင်လာတယ်လို့ သိရပါတယ်။ စုစုပေါင်း ရှစ်ယောက်။ စစ်မှုထမ်း မဲပေါက်တဲ့ သူတွေ မရှိတော့ဘူး၊ အဲဒါကြောင့် ပေါ်တာဆွဲတာ” လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဒီညနေ (၄)နာရီမှာတော့ ကျောက်ဆည်မြို့ အနောက်ဖက်က ရွာတွေကို စစ်အုပ်စုက စီးနင်းကာ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင် ထွက်ပြေး လွတ်မြောက်လာသူက ပြောပါတယ်။

“စစ်မှုထမ်းတွေ ဝင်ဆွဲနေတာ ကိုယ့်တွေ့ ပြေးခဲ့ရတာ။ လူမှုရေးကားနဲ့ အန်စာတုံး နှစ်စီး လာဆွဲတာ။ ပါသွားတဲ့သူတွေလည်း ရိတယ်။ သားမတွေ့လို့ အမေတွေ၊ မောင်နှမတွေ ဖမ်းသွားတာလ်း ရှိတယ်။ အဲ့ဒီ ကျောက်ဆည်ဘက်က ရွာတွေက ဒလန် ပေါတယ်။ PDF အားမကောင်းတော့ ထင်တိုင်း ကျဲနေကြတာ”

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ဆက်တိုက် လုပ်နေပြီး အဓိကအားဖြင့် စစ်ဘေးရှောင် ပြည်သူတွေ လာရောက် ခိုလှုံနေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားကာ ဧည့်စာရင်း စစ်ရင်း လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်တာ၊ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးနယ်မှာလည်း တိုက်ပွဲတွေ သိပ်မရှိသေးဘဲ ငြိမ်နေတာကြောင့် နိုင်ငံတဝန်းက စစ်ပြေး ပြည်သူတွေ လာရောက်ခိုလှုံနေထိုင်မှု များတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းအတွင်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားသူနဲ့ ပျူတွေကို စစ်အုပ်စုက သင်တန်းပေးနေစဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *