ပုသိမ်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ ရေတပ်လက်နက်ကြီး ရမ်းပစ်

ဒေသခံပြည်သူများထိတ်လန့်​၊​ကျောင်းများပိတ်

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ယနေ့(ဩဂုတ်လ ၁၆ရက်)နံနက် ၉နာရီခန့်က စစ်ကောင်စီရေတပ်ဘက်မှ အကြောင်းရင်းမသိရသေးသည့် သေနတ်ပစ်ခတ်မှုများ ရှိခဲ့ပြီး တမြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

“ပုသိမ်ကမ်းနားလမ်းဘက်ကနေလည်း သေနတ်သံတွေ အချက်၂၀ လောက်ထွက်တယ်။ ရေတပ်က‌နေလည်းပစ်တယ်။ကြောက်လို့ ကျောင်းတွေ ပိတ်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

“စစ်တပ်က လက်နက်ကြီး ပစ်တယ်။ ဘယ်ကိုပစ်လဲမသိဘူး။ သေနတ်သံတွေလည်း ကြားတော့ တစ်ခုခုထူးနေပြီလို့ ထင်တယ်” ဟု ပုသိမ်မြို့ပေါ်၌ နေသူတဦးကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမှတ် (၉)ရပ်ကွက် သင်္ဘောကျဉ်းဘက်ကမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်အိမ်စည်ကားသုံးစီးသည် အမှတ် (၂)တံတားကို ပိတ်ဆို့ကာ တားဆီး စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ပုသိမ်ကမ်းနားနှင့်မြစ်ဝ၌ ‌ စစ်ရေယာဉ်တပ်ဖြန့်ထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း တော်လှန်ရေးအင်အားစုဝင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်း သည်​တော်လှန်​ရေး အား​ကောင်းသည့်​ဒေသများတွင်မပါဝင်ဘဲ မြို့နယ်အချို့တွင်သာ PDF များလှုပ်ရှားမှုရှိခဲ့သည်။

သို့​သော် အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်မြို့ဖြစ်သည့် ဂွမြို့အနီးရောက်ရှိလာနောက် ဧရာဝတီတိုင်းအတွင်းစစ်ရေးကူးစက်လာမည်ကို စစ်‌ကောင်စီက ကြောက်ရွံနေသည်။

(ပုသိမ်မြို့နယ် တစ်​နေရာ ။ဓါတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *