ကျောက်စိမ်းမြို့တော် ဖားကန့်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ရန် အဓိက စစ် တပ် စခန်း ၇ ခု ကျန်နေသေး

ကျောက်စိမ်းမြို့တော် ဖားကန့်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ရန် အဓိက စစ် တပ် စခန်း ၇ ခု ကျန်နေသေးပြီး နယ်မြေ စိုးမိုးမှုကို KIA က ထိန်းချုပ်

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းမြို့တော် ဖားကန့်တွင် စစ်ကောင်စီတပ်များ ကင်းစင်ရန်နှင့် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရန် အဓိက စစ်ကောင်စီတပ်စခန်း ၇ ခု ကျန်ရှိနေသေးပြီး နယ်မြေစိုးမိုးမှုကို KIA က ရယူထားနိုင်ပြီဖြစ် ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်ရှိ စစ်တပ်၏ တောမှော် တပ်စခန်းနှင့် လမောင်စခန်းကုန်းတို့ကို KIA က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့် အကြမ်းဖက် စစ်တပ်၏ လမောင်စခန်းနှင့် ညနေ ၄ နာရီ ၄၀ မိနစ် ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တောမော် စခန်းတို့ကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ ဖားကန့်မြို့နယ်တစ်ခုလုံးကို KIA က သိမ်းပိုက်ရရှိရန် စစ်တပ်၏ အဓိက စခန်း ၇ ခု ကျန်ရှိနေသေးကြောင်း၊ လက်ရှိတွင် KIA က ဖားကန့်မြို့နယ်တစ်ခုလုံးတွင် နယ်မြေစိုးမိုးမှု ရရှိထားကြောင်း KIA ရှေ့သတင်းရင်းမြစ်က ဆိုသည်။

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ အဓိက တပ်စခန်း ၇ ခုကျန်ရှိနေရာတွင် ကံစည်းဗျူဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဆိုင်းတောင်ရဲစခန်းကုန်း၊ ဖားကန့်ဗျူဟာကုန်း ၊ ဖားကန့်ရဲစခန်း တို့ ကျန်ရှိသေးကြောင်း သိရှိရသည်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “နယ်မြေစိုးမိုးမှုကတော့ စစ်စခန်းအများကြီးကျန်ပါသေးတယ်။ သူတို့က စခန်းကြီးတွေ အခိုင်အမာလုပ်ထားတာ။ ရဲစခန်းတွေဆိုရင်လည်း အခိုင်အမာပဲ။ စစ်ရေးကိစ္စတွေကတော့ ကျနော်ပြောလို့မရပါဘူး” ဟုပြောဆိုသည်။

KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စစ်ဆင်ရေးများဖြင့် တိုက်ခိုက်ရာ ယခုအခါ စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ဓာတ်ပုံ- ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး လုပ်သားများ။ ပုံအဟောင်း ဖြစ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *