တပ်မ (၁၀၁) အနီးက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို PDF တွေ ဝင်တိုက် ကားတွေပါထားကာ ထွက်ပြေး

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ် ၁၇ရက်နေ့ မနက် ၁၀နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ Pakokku People Defense Force (P.P.D.F) တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ သုဿာန်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ရှိ စစ်ဆေးရေးဂိတ်ကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ထွက်ပြေးသွားတာကြောင့် AK ၁ လက်၊ AK ကျည်ဘောက် ၁ ခုနဲ့ Icon ၃ လုံး ရရှိပြီး ကား ၂ စီးကိုတော့ ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

“အဲဒီဂိတ်ကပုံမှန်ဖွင့်တာဗျ။ဂိတ်စောင့်ဆိုတော့ ရိုးရိုးတပ်သားတွေပါပဲဗျ။ ပစ်ခပ်မှုဖြစ်တော့ ပြေးသွားကြတာ ကားတွေထားခဲ့တာ ကားပေါ်ကို တက်ချိန်မရဘူး။ပခုက္ကူဘက် ပြန်ပြေးတာဗျ” လို့ PPDF တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီဂိတ်စခန်းဟာ ပခုက္ကူ တပ်မ ၁၀၁ နဲ့အနီးစပ်ဆုံးမှာရှိနေပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကူလာရောက်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Burma Revolution Rangers (B.R.R)၊ Royal Defense Force (R.D.F)၊ Pakokku People Defense Force (P.P.D.F)၊ ဒေါင်းစစ်သည်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကစပြီး မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းနဲ့ ရဲကင်းစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ၄ ရက်တာ ဖိအားပေးတိုက်ခိုက်မှုမှာ မဟာမိတ်တွေနဲ့ အတူ Pakokku People Defense Force (P.P.D.F)ကပါ၀င်ခဲ့ပြီး အဲ့ဒီတပ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်များက အောင်မြင်စွာ စီးနင်းနိုင်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *