အင်အားဖြည့်တင်းရန် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

ပေါင်းတည်မြို့နယ်ရှိ စစ်တပ်၏ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်တင်းရန် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်တင်းရန် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်ရန် မှတ္တိုင်ဘက်မှထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၆ ဦးပါ စစ်ကြောင်းကို ညောင်နီပင်ရွာနှင့် သစ်ပုတ်ရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက Sniper၊ လက်နက်ကြီး၊ လက်နက်ငယ်၊များဖြင့် ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီခန့် ကြာမြင့်ကာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်ကောင်စီဘက်က သေဆုံး အလောင်းတွေနဲ့ ထိခိုက် ဒါဏ်ရာရသူတွေကို မှတ္တိုင်ဘက်ကနေ ဖောကားနဲ့ လာရောက် သယ်ဆောင်သွားတယ်။ ပြီးတော့ အဲ့ကနေ ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရတယ်” ဟု ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်းမှ ဦးဆောင်ပြီး တပ်ခွဲစုံညီစုပေါင်းစစ်ကြောင်း၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)နှင့် ရွှေတောင်(ပကဖ) ပူးပေါင်းစစ်ကြောင်း၊ (၃၈၀၁ PDF)တပ်ရင်း တပ်ခွဲ(၃) နတ်စစ်သည်စစ်ကြောင်းတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *