ကုန်သွယ်မှု အလွန်များပြားလာသဖြင့် ထိထိရောက်ရောက် ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက လျှို့ဝှက် ညွှန်ကြား

တိုင်းရင်းသားများ ထိန်းချုပ်ထားသော နယ်စပ်ဂိတ်များနှင့် အခြားလမ်း ကြောင်းများမှ တစ်ဆင့် ကုန်သွယ်မှု အလွန်များပြားလာသဖြင့် ထိထိရောက်ရောက် ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက လျှို့ဝှက် ညွှန်ကြား

တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်စပ်ဂိတ်များနှင့် အခြားလမ်းကြောင်းများမှ တစ်ဆင့် ကုန်သွယ်မှု အလွန်များပြားလာသဖြင့် ထိထိရောက်ရောက် ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင်စိုးဝင်းက လျှို့ဝှက် ညွှန်ကြားလိုက်ကြောင်း နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ထံမှ သိရှိရသည်။

“နယ်စပ်တရားမဝင်ဂိတ်နှင့် အခြားတရားမဝင်နေရာများမှ ယခုကာလအတွင်း တရားမဝင်ကုန်သွယ်မှု ဝင်/ထွက်ခြင်းများပြား လျက်ရှိသဖြင့် ဖမ်းဆီးရရမိမှုမှာလည်း လအလိုက်ပို၍ များပြားရမည်ဖြစ်သည်။ ပြည်နယ်/တိုင်းအလိုက် တိုက်တွန်းနှိုးဆော်ရန် “ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ညွှန်ကြားချက်ကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီက ဩဂုတ်လ ၁၀ ရက်နေ့တွင် စာအမှတ် တကက/ ၀၁/ ၀၂/ ၂၀၂၄ (၀၈၈၁) ဖြင့် လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ၊ ဇူလိုင်လအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့က တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရရှိသော အခြေအနေများကို အဖွဲ့ဥက္ကဋ္ဌ အကြမ်း ဖက်ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းထံသို့ တင်ပြရာ စိုးဝင်းက တရားမဝင် ကုန်သွယ်မှုများ အလွန်များပြားနေသဖြင့် လအလိုက် ဖမ်းဆီးရရှိမှု အခြေ အနေမှာ များပြားရမည်ဖြစ်ကြောင်း မှတ်ချက်ပေးညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

“လစဉ် လတိုင်း ဖမ်းဆီးရရှိတဲ့စာရင်းကို ၁ ရက်နေ့မှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ဦးဆောင်ကော်မတီကို တင်ပြခိုင်းတာ။ ဒုတပ်ချုပ်ဆီကိုတိုက်ရိုက်တင်ရတာပါ။ ဇူလိုင်လမှာ ဖမ်းတာက နည်းနေလို့။ ဩဂုတ်လထဲမှာ ပိုပြီး များရမယ်ဆိုပြီး ဖမ်းခိုင်းတာ” ဟု နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီက နယ်စပ်ဂိတ်များကို ဆုံးရှုံးရပြီးနောက် ယင်းနယ်စပ်ဂိတ်များမှ ဝင်လာသည့် ကုန်ကားနှင့် ကုန်စည်စီးဆင်းမှုများကို ဖြတ်တောက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိကြောင်း၊ အဆိုပါ နယ်စပ်ကုန်သွယ်ရေးကို မတားဆီးနိုင်လျှင် တိုင်းရင်းသားလက်နက်ကိုင်များ ပိုမိုဝင်ငွေရကာ လက်နက်အင်အား၊ ငွေကြေးအင်အား တောင့်တင်းလာမည်ကို စစ်ကောင်စီက စိုးရိမ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုစစ်ခေါင်းဆောင် စိုးဝင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *