တံတားဦးမှာ လူ ၁၄၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

မန္တလေးမြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ တံတားဦးမြို့မှာ ဩဂုတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကနေ အမျိုးသား ၁၄၀ ကျော်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားဦးမြို့ အနောက်ဘက်အထွက် တံတားဦး-မြို့သာလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ မနက်စောပိုင်း ၇ နာရီခန့်ကစလို့ လမ်းသွားလမ်းသားတွေကို စစ်ဆေးမေးမြန်းပြီး အဲဒီထဲက လူငယ်၊ လူရွယ် အမျိုးသားတွေကို ရွေးချယ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ တံတားဦးမြို့နယ် အနောက်ခြမ်းရွာတွေကဖြစ်ပြီး မန္တလေးမြို့ပေါ်ကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမား အများစု ပါဝင်တယ်လို့ ဒီဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

“အဲဒီမှာ တွေ့သမျှ အလုပ်သမားတွေ အကုန်ဖမ်းတာ။ တံတားဦးအနောက်ဘက် မြို့အဝင်ထိပ်ကနေ ဖမ်းတာ။ မျက်မြင်ကိုယ်တွေ့ကတော့ ယောက်ျားလေးတွေ အကုန်ဆွဲတင်တာပဲ။ ၁၄၆ ယောက်။ တံတားဦးမြို့ အနောက်ဘက်ကနေပြီးတော့ မန္တလေးကိုသွားပြီး ပန်းရံသွားလုပ်တဲ့ဟာတွေ များတယ်။ တချို့လူတွေ ပြန်လွတ်လာတယ်။ တချို့လူတွေ ခုချိန်ထိ မလွတ်သေးဘူး”

ဖမ်းဆီးထားခံရသူတွေကို တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးထဲကို အရင်ဆုံးခေါ်ဆောင်ခဲ့ပြီး စစ်မှုထမ်းစာရင်း အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ လူတချို့ကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပေမဲ့ ပြန်လွတ်လာတဲ့ လူအရေအတွက် အတိအကျကို မသိရသေးပါဘူး။

ဖမ်းဆီးခံရသူတွေထဲက ကျောင်းတက်နေဆဲ လူငယ်တွေနဲ့ အသက်မပြည့်သူတချို့ကိုတော့ မိသားစုက သွားရောက်စုံစမ်းပြီး အထောက်အထားပြနိုင်တဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်လွှတ်လာသူ လူငယ်တစ်ဦးရဲ့ ဖခင်က ပြောပါတယ်။

“ဖမ်းသွားတယ်ဆိုတာ ကျွန်တော့်သား။ ကျွန်တော်တွေ့လို့ မရဘူးဗျ။ ကျွန်တော်တို့က အိမ်ထောင်စုဇယားပေးလိုက်တာလေ။ အိမ်ထောင်စုဇယားထဲမှာ ကျောင်းသားဖြစ်နေတယ်ဆိုရင် ပြန်လွှတ်ပေးတယ်။ အသက်မီတယ်ဆိုရင် ခေါ်သွားမယ်။ နာမည်စာရင်းပါတဲ့ကလေးတွေကို ကားပေါ်တင်ပြီး ကားတွေထွက်သွားပြီဆိုမှ ကျွန်တော့်သားနဲ့ သူနဲ့အတူတူ ခုနစ်ယောက်၊ ရှစ်ယောက်လောက်တော့ရှိတယ် ပြန်လွှတ်ပေးလိုက်တာ။ ဘာမှ မစားနိုင်၊ မသောက်နိုင်ပါဘူးဗျာ။ ကိုယ့်သားကလည်း အသက်မပြည့်သေးလို့ ပြန်လွတ်လာတယ်ဆိုတော့ ဝမ်းသာရတာပေါ့။ သူများတွေတော့ ဘယ်လို ခံစားရမလဲဆိုတာတော့ မသိဘူး”

မနေ့က ညနေပိုင်းမှာတော့ ဖမ်းဆီးရတဲ့သူတွေကို စဥ့်ကိုင်မြို့နယ်ထဲက ဘယ်လင်းအကျဉ်းဦးစီးဌာနကို ကားတွေနဲ့တင်ပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ တံတားဦးမြို့ပေါ်မှာ လူသွားလူလာ မရှိသလောက်ဖြစ်နေပြီး ရွာတွေကနေ ပုံမှန်အတိုင်း အလုပ်သွား အလုပ်ပြန်တာတွေ မတွေ့ရဘူးလို့ တံတားဦးမြို့ကနေ မန္တလေးမြို့ကို အလုပ်သွားအလုပ်ပြန် လုပ်နေသူတစ်ဦးကပြောပါတယ်။

“တံတားဦးက ဒီနေ့တော့ ဘယ်လိုပြောရမလဲဆိုတော့ ဒုန်းပြေးလို့ရတယ်ဗျာ၊ လမ်းက ရှင်းအားကြီးတော့လေ။ အလုပ်သမားတွေကလည်း ဒီလိုမျိုးသတင်းဘာညာဆိုတော့ သိပ်မသွားရဲကြဘူးလေ။ အိမ်ကအမျိုးသမီးကပါ အဲဒီလိုမျိုးတွေဖြစ်တော့ မသွားနဲ့ ဘာညာပေါ့၊ အဲဒီလိုမျိုးတားတော့ ကိုယ်ကလည်း နားလိုက်ရတာပဲ။ ကိုယ်ကိုယ်တိုင်လည်း စိုးရိမ်တယ်၊ သူများလည်း စိုးရိမ်ရတာပဲ။ ကျွန်တော်တို့ကတော့ မန္တလေးသွား အလုပ်လုပ်ရတဲ့ လူတွေကိုး။ မဖြစ်မနေ ဒီလမ်းတွေက ဖြတ်ရတာလေ။ ဖြတ်ရတာဆိုတော့ အတော်သင့် ကိုယ့်ဘာကိုယ် မသွားလိုက်တာ ကောင်းတယ်ဆိုပြီး ဒီနေ့လည်း နားရတာကိုး”

မနေ့ကတစ်ရက်တည်းမှာပဲ စဥ့်ကိုင်မြို့နယ်နဲ့ ကျောက်ဆည်မြို့နယ်တွေမှာလည်း စစ်မှုထမ်းစာရင်းပါသူတွေကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာလည်း စစ်မှုထမ်းဖို့အတွက် စာရင်းမှာပါတဲ့ အမျိုးသားတွေအပြင် နယ်ဝေးကနေ မန္တလေးမြို့ကို အလုပ်လာလုပ်တဲ့သူတွေပါ ဖမ်းဆီးခံနေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်မှုတန်းသင်တန်း အမှတ်စဉ် (၄) အထိ ခေါ်ယူထားပြီး အမှတ်စဉ် (၄) အတွက် သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်မှုထမ်းစာရင်းမှာ ပါဝင်နေသူတွေဟာ ပြည်ပကိုထွက်ခွာတာအပြင် နည်းမျိုးစုံနဲ့ တိမ်းရှောင်နေကြတာပါ။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က စစ်မှုထမ်းအမှတ်စဥ် (၁) သင်တန်းဆင်း လူငယ်နှစ်ဦးလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံခဲ့ရပြီး ဇူလိုင်လ ၃၀ ရက်နေ့က လားရှိုးတိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ဩဂုတ်လ ၁၀ ရက် ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *