မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီယန္တရား အများစု ရပ်ဆိုင်းပြီး Non-CDM ဝန်ထမ်းများ ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီယန္တရား အများစု ရပ်ဆိုင်းပြီး Non-CDM ဝန်ထမ်းများ ထွက်ပြေးသွားကြောင်း Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းမှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။

မြင်းခြံခရိုင် စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက အကောင်အထည်ဖော်နေချိန်ယင်းကဲသို့ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများအားလုံးထွက်ပြေးပြီး စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားအများစု ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိကျွန်တော်တို့ သိထားသလောက်ကတော့ မြင်းခြံ တောင်သာ။ နွားထိုးကြီးမှာလည်း စစ်အုပ်စု ယန္တယားရဲ့ ၉၀ ရာ ခိုင်နှုန်းလောက်က ရပ်တန့်သွားတဲ့ အနေအထားလောက်မှာ ရှိတယ်။ Non CDM တွေဆိုလို့ရှိရင်လည်း ဒီ ပုပ္ပားတို့ ပုဂံညောင်ဦးတို့ဘက် ရှောင်နေတာ ရှိတယ်။ မြင်းခြံက Non CDM တွေလည်း ပုပ္ပား ပုဂံ ညောင်ဦးဘက်မှာ ရှောင်နေတာ ရှိသလို တချို့ကလည်း ဒီ သံမဏိ စက်ရုံထဲကို ရှောင်တိမ်းနေတာတွေ ရှိပါတယ်။ ဒါကတော့ လက်ရှိ ကျွန်တော်တို့ သိထားတဲ့ အနေအထားပါ” ဟု Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းမှ ဗိုလ်မိုက်ခဲကပြောဆိုသည်။

လက်ရှိတွင် မြင်းခြံ သံမဏိစက်ရုံတွင် စစ်ကောင်စီတပ်များက စခန်းချနေကြပြီး ခုခံစစ်ပြင်ဆင်နေကြကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် မြင်းခြံခရိုင်စစ်ဆင်ရေးဖြင့် စစ်အုပ်စု၏ ခါးရိုး ကို ရိုက်ချိုးနိုင်ရန် ပြင်ဆင်နေကြောင်း၊ ပြည်သူများအနေဖြင့်လည်း အားလုံးပါဝင်ကူညီကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။

“မြင်းခြံ သံမဏိ စက်ရုံကနေပြီးတော့ စကစ ရဲ့ Non CDM တွေရဲ့ တည်းခိုစရာနေရာကြီးတစ်ခုလို ဖြစ်နေတာ။ အဓိ က ကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအနေနဲ့ အခုကာလအတွင်းမှာ အသွားအလာလေးတွေ ဆင်ခြင်ကြဖို့၊ နောက် ပိုင်းကျတော့ ကျွန်တော်တို့ဘက် မန္တလေးတိုင်း မြင်းခြံဆိုတာက မြင်းခြံခရိုင်ဆိုတဲ့ အနေအထားတစ်ခုက စစ်အုပ်စုရဲ့ ခါးရိုးလို့ ပြောရင်လည်း ရပါတယ်။ အခုအချိန်ကတော့ ကျွန်တော်တို့ ခါးရိုးကို ရိုက်ချိုးနေတဲ့အချိန်ပေါ့နော်။ ခါးရိုးကိုရိုက်ချိုးနေတဲ့ အချိန်မှာလည်း ပြည်သူလူထုအနေနဲ့ နိုင်ရာဘက်ကနေ ပါဝင်ပေးကြဖို့။ ငွေရေးကြေးရေးမှ မဟုတ်ဘူး ကျွန်တော်တို့ သတင်းပိုင်းဆိုင်ရာက အစ ကျွန်တော်တွေကို ကူညီပေးကြဖို့ အဘက်ဘက်ကနေ ပါဝင်ပေးကြဖို့ ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပြီးတော့ နိုင်တဲ့ဘက်က ပါဝင်ပြီး စစ်ကောင်စီကို အမြစ်ဖြုတ်ဖို့ မေတ္တရပ်ခံပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များကမူ မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့ နယ်တို့တွင် အင်အားဖြည့်တင်းပြီး ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်မှုများ တိုးချဲ့နေကြောင်း၊ စစ်ကောင်စီတပ်များမှာ မြို့ကို အခြေပြု၍ ခုခံစစ်ပြင်ဆင်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နွားထိုးကြီးမြို့ကို တော်လှန်ရေးတပ်များက စီးနင်းထားခဲ့စဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *