မြစ်ထဲမှ စက်လှေမောင်းသံကို PDF များဝင်တိုက်သည့်အထင်ဖြင့် စစ်ကောင်စီရေတပ်အတွင်းမှ သေနတ်များဖြင့်ပြန်လည်ပစ်ခတ်

ပုသိမ်မြို့တွင် မြစ်ထဲမှ စက်လှေမောင်းသံကို PDF များဝင်တိုက်သည့်အထင်ဖြင့် စစ်ကောင်စီရေတပ်အတွင်းမှ သေနတ်များဖြင့်ပြန်လည်ပစ်ခတ်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေတပ်အတွင်း၌ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ ကမ်းနားလမ်းပေါ်ရှိ ရေတပ်စခန်းမှ မနက် ရှစ်နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်မှု အချက် ၃၀ နီးပါးကြားခဲ့ရကြောင်း ဒေသခံများမှ ပြောသည်။

” အဲ့ဖြစ်တဲ့အချိန်က ဘောတံတားကွင်းကနေ အကုန်ကြားရတာ၊ ​မြစ်ထဲကပစ်ခတ်တာမျိုးတော့မရှိဘူး ရေတပ်ကနေ အကြောင်းမဲ့ထပစ်တာ။ တိုက်ပွဲဖြစ်သလိုမျိုးကို ပစ်တာ”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ငဝန်မြစ်ထဲမှ စက်လှေမောင်းသွားသည့် အသံမှာ သေနတ်ပစ်သံမျိုးထွက်ပေါ်လာပြီးနောက်ပိုင်း မြစ်ကမ်းဘေးရှိရေတပ်ဝန်းထဲမှ သေနတ်ပစ်သံများ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” အဲ့အချိန်က မိုးကလည်းတအားရွာနေတာ မြစ်ထဲသေချာတော့မမြင်ရဘူး၊ စက်လှေမောင်းတဲ့အသံက သေနတ်သံလိုမျိုးထွက်လာတော့ သူတို့စိတ်ထဲ PDF တွေ လာတိုက်ပြီ ထင်ပြီး ပြန်ပစ်တာနေမယ်”ဟု ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။

သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ငွေဆောင်ဘက်မှ ပုသိမ်မြို့သို့တက်လာသည့်ကားများကို မြို့ထဲအဝင်မခံဘဲ တံတားများထိပ်မှ ၎င်းတို့လာရာလမ်းအတိုင်း ပြန်လွှတ်နေကြောင်း သိရသည်။

ရေတပ်မှသေနတ်ပစ်ခတ်မှုများကြောင့် ပုသိမ်တမြို့လုံး အထိတ်တလန့်ဖြစ်ကာ မြို့ပေါ်ကျောင်းများအားလုံးမှ ကျောင်းသားကျောင်းသူများကို မိဘများက ပြန်လည်ခေါ်ဆောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းနှင့်မြို့များကို ရခိုင့်တပ်တော် AA မှသိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဧရာ၀တီတိုင်းအတွင်းသို့ ၀င်ရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် စစ်ကောင်စီမှ ခံစစ်ပုံစံ လေ့ကျင့်ပြင်ဆင်မှုများနှင့် လုံခြုံရေးတင်းကြပ်နေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *