စစ်ကိုင်းတိုင်းမှာ တပြိုင်တည်း မြို့သုံးမြို့နဲ့ ပျူစခန်း များစွာကို ထိုးစစ်ဆင် တိုက်ခိုက်

မြို့တစ်မြို့နဲ့ ပျူစခန်းတွေ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက ဩဂုတ်လ(၁၅)ရက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲနဲ့ ပျူစခန်းသိမ်း တိုက်ပွဲတွေ တပြိုင်တည်း ဆင်နွှဲနေပြီး ဒီကနေ့ ဩဂုတ်လ(၁၈)ရက်မှာ ဒီပဲယင်းမြို့နဲ့ ကန့်ဘလူမြို့နယ်က ဝါသဝ လက်အောက်ခံ ပျူစခန်းသုံးခုကို သိမ်းပိုက်ရရှိထားတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ်လ(၁၅)ရက်က စတင်ကာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး ကသာခရိုင်၊ အင်းတော်မြို့ကိုလည်း ဩဂုတ်လ(၁၆)ရက်က စတင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပါတယ်။ ပင်လည်ဘူးနဲ့ အင်းတော်မြို့ဟာ မိုင်(၅၀)ခန့်သာ ကွာဝေးပါတယ်။

ဒါ့အပြင် အင်တော်မြို့နဲ့ သုံးမိုင်ခန့်အကွာမှာ ရှိတဲ့ နဘားရွာ စစ်အုပ်စု စခန်းကိုလည်း တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီကနေ့ ဩဂုတ်လ(၁၈)ရက်မှာ နဘားရွာ စစ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

နဘားရွာစခန်းမှာ စစ်အုပ်စု အမြဲနေလေ့ မရှိဘဲ ဒေသတွင်း စစ်ကြောင်းထိုးချိန်မှသာ နဘားစခန်းမှာ အထိုင်ချ တပ်စွဲလေ့ရှိတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ မိုင်(၄၀)ခန့်အကွာက ဒီပဲယင်းမြို့ကိုလည်း တော်လှန်ရေးတပ်တွေက ဩဂုတ်လ ၁၆ ရက်က စတင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး ဩဂုတ်လ ၁၈ ရက် ဒီကနေ့ မနက်ပိုင်း(၆)နာရီဝန်းကျင်မှာတော့ မြို့ကို အပြီးသတ် သိမ်းပိုက် ရရှိတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲတွေက ပြောပါတယ်။

ဒီပဲယင်း မြို့သိမ်း တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူ (၁၂၃)ဦး ရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – တိုင်း ပကဖ က ထုတ်ပြန်ထားပါတယ်။

“စကစနဲ့ပျူတချို့ ထွက်ပြေးသွားကြပြီး အလံဖြူထောင် လက်နက်ချ ပူးပေါင်းသူ စုစုပေါင်း ထိန်းသိမ်းထားသူ (၁၂၃)ဦး ရှိ။ ပျူ နှစ်ဦး၊ Non CDM ဝန်ထမ်း (၄၁)၊ မိသားစုဝင် (၈၀)လို့ သိရပြီး ကောင်းမွန်စွာ စောင့်ရှောက်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုများကို မြို့ထဲမှာပဲ ဆောင်ရွက်ပေးနေတယ်လို့ ကနဦး သတင်းရရှိပါတယ်”

ဒီပဲယင်းမြို့သိမ်း တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးတယ်လို့ ဆိုပြီး စစ်အုပ်စု အသေအပျောက် စာရင်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်း ရရှိမှု စာရင်းတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒီပဲယင်းမြို့သိမ်း တိုက်ပွဲကို အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေး အဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းတွေ၊ ရွှေဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖနဲ့ ဒေသခံ တော်လှန်ရေး တပ်တွေ ပါဝင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီပဲယင်းကို သိမ်းပိုက်နိုင်ပေမယ့် မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ ဒီပဲယင်းမြို့နဲ့ (၁၀)မိုင်ခန့်အကွာက စိုင်ပြင်မြို့မှာ စစ်အုပ်စု အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်း ရှိနေသေးပြီး စစ်အင်အားတော့ သိပ်ကောင်းဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီပဲယင်းမြို့နဲ့ နမခ ကြားမှာ စိုင်ပြင်မြို့နဲ့ ဘုတလင်မြို့ ရှိပြီး နမခအနီးက မြို့ကို PDF တွေက သိမ်းယူနိုင်တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပျူစခန်တွေ ဖြစ်တဲ့ မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနဲ့ ဘိုတဲကုန်းရွာတွေကိုလည်း တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ(၁၆)ရက်မှာ အဲ့ဒီ ပျူစခန်း သုံးခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပကဖ က အတည်ပြုပါတယ်။

“အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုနဲ့ ကန့်ဘလူမြို့နယ်မှာ ပျူစခန်းတွေ အခြေချထားတဲ့ မကုန်းရွာ၊ ညောင်ဇင်ကြီးရွာ၊ ဘိုတဲကုန်းရွာ တွေကို ကန့်ဘလူခရိုင် တပ်ရင်းများ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ကာ စကစနဲ့ပျူတွေကို မောင်းထုတ်နိုင်ခဲ့ပြီး ဘန်ကာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်” လို့ စစ်ကိုင်းတိုင်း ပကဖ က ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ဝါသဝ လက်အောက်ခံ မဒေါင်းလှရွာ ပျူစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲတွေက ဒီကနေ့ မနက်ပိုင်းက စတင်ပြီး စန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင် တိုက်ခိုက်နေကာ စစ်အုပ်စုက လေကြောင်းပစ်ကူပေး ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီကနေ့ မနက် အစောပိုင်း ကတည်းက တော်လှန်ရေးတပ်တွေက ဝင်တိုက်နေကြတာ။ ရဟတ်ယာဉ်က နှစ်ကြိမ် ဝဲပြီးတော့ ပစ်နေတာ အတိုင်းသား မြင်နေရတာ။ အတွဲလိုက် ပစ်နေတဲ့ အသံတွေလည်း ဆူညံနေတာပဲ။ ဂျက်ဖိုက်တာ တစ်စီးလည်း ခင်ဦးမြို့ပေါ်မှာ ပတ်ဝဲပြီးတော့ ပျံသွားသေးတယ်။ ဗုံးကြဲသွားတာတော့ မရှိသေးဘူး။ ပျူစခန်းကလည်း သိမ်းနိုင်တော့မယ်လို့လည်း ကြားနေရတယ်”လို့ ခင်ဦး ဒေသခံ သတင်းရင်းမြစ်က MFးးပြောပါတယ်။

မဒေါင်းလှရွာဟာ ခင်ဦးမြို့မြောက်ဘက် ခုနှစ်မိုင်ခန့်အကွာ၊ ခင်ဦးနဲ့ ကန့်ဘလူနယ် အစပ် ရွှေဘို-ခင်ဦး-ဇီးကုန်း-ထန်းကုန်း ကားလမ်း၊ သဖန်းဆိပ်ဆည် မူးဘောင်ပေါ်မှာ တည်ရှိပြီး မဒေါင်းလှရွာက ပျူတွေဟာ ကန့်ဘလူနယ် ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံတွေ ဖြစ်ပါတယ်။

အထက်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စုထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရိတယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု စာရင်းတွေကိုတော့ မသိရသေးပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *