နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာသော ကားနှင့် လမ်းပိုင်းလုံခြုံရေး ယူနေသော စစ်သားများကို တိုက်ခိုက်မှု

ထားဝယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးလိုက်ပါလာသောကားနှင့် လမ်းပိုင်းလုံခြုံရေးယူနေသောစစ်သားများကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာသော ကားနှင့် လမ်းပိုင်းလုံခြုံရေးယူနေသော စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးလိုက်ပါ လာသော ကားကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် – DNLA တပ်ခွဲ ၁ တို့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းလမ်းပိုင်း လုံခြုံရေးအတွင် အကြမ်းဖက် စစ်သားများက အခိုင်အမာ တပ်စွဲနေရာယူကာ မြို့နေပြည်သူများအပေါ် ဒုက္ခပေးနေသောကြောင့် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) တို့က ပူးပေါင်းပြီး စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်းသိရသည်။

ထို့သို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *