ဟင်္သာတတွင် မြို့တွင်းနေရာများတွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် တပ်စွဲထား

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် တော်လှန်ရေးအင်အားစုများဝင်ရောက်နိုင်သည်ဟုဆိုကာ မြို့တွင်းနေရာများတွင် စစ်ကောင်စီတပ်မှအင်အားများစွာဖြင့် တပ်စွဲထားကြောင်း မြို့ခံများထံကသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ၁၅ရက်နံနက်ပိုင်းကစ၍ ဟင်္သာတဆေးရုံ၊ ငါးမျက်နှာဘုရားနှင့် ဟင်္သာတတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် တပ်စွဲကာအင်အားတိုးမြှင့်ထားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံများထံကသိရသည်။

“ ဆေးရုံထဲမှာတော့ အရင်တုန်းက ရဲလောက်ပဲရှိတာ။ အခုက စစ်တပ်တွေပါအင်အားချထားတယ်။ တက္ကသိုလ်တွေမှာလည်းစစ်တပ်တွေရောက်နေတယ်။အဝင်ပေါက် နဲ့ အဆောင်သွားတဲ့ဘက်ပေါ့ အဲ့မှာအင်အားချထားတယ်။ငါးမျက်နှာဘုရားမှာကတော့ ကင်းပုန်းဝပ်တဲ့ပုံစံလုပ်ထားတယ်။ စစ်ဆေးတဲ့ပုံစံတော့မလုပ်သေးဘူး”ဟု မျက်မြင်တွေ့ရှိခဲ့သည့်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် ဟင်္သာတသူနာပြုနှင့်သားဖွားသင်တန်း‌ကျောင်းအတွင်းသို့ ဩဂုတ်လ ၁၆ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တပ်စွဲရန်ကြိုးပမ်းမှုကြောင့် သင်တန်းတက်
ရောက်နေသူအများအပြားမှာ နေရပ်ပြန်လည်ထွက်ခွာမှုများရှိနေကြောင်း သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့်နီးစပ်သည့်တာဝန်ရှိသူများထံက သိရသည်။

“ သူနာပြုကျောင်းထဲကို စစ်တပ်တွေလာပြီးတပ်စွဲမယ်လုပ်လို့ သင်တန်းသူအချို့ အိမ်ပြန်တဲ့သူပြန်ကုန်တယ်။ ကျန်တဲ့ သင်တန်းအချိန်တွေပြန်တက်ဖို့မသေချာတော့ဘူး။ စစ်တပ်တွေဝင်လာရင် သင်တန်းကမိန်းကလေးတွေများတာဆိုတော့ တပ်တွေကို ကျောင်းအနားကိုတောင်ကင်းပုန်းမချစေချင်လို့ ကျောင်းအုပ်ကြီးနဲ့တော့ညှိနေကြတယ်”ဟု သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့်နီးစပ်သည့် တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အတူပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့ကစပြီးင်္ဟသာတမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့်ရဲအင်အား ၃၀ ဦးထက်မနည်း နေ့ရောညပါစစ်ကားဖြင့် ကင်းပတ်နေပြီး လုံခြုံရေးတင်းကျပ်၍ ရှာဖွေစစ်ဆေးမှု များရှိနေကြောင်းမြို့ခံများထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *