ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ ခုခံခဲ့သော်လည်း ဒီပဲယင်းကို လက်လွှတ်လိုက်ရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိသည့်အပြင် လက်နက်ချ အညံ့ခံမှုများလည်းရှိကြောင်း သိရှိရသည်။

“ဒီပဲယင်းမြို့ကတော့ ရပါပြီ။ အခု နယ်မြေရှင်းလင်းရေး လုပ်နေကြတယ်။ ဒီမနက်မှာပဲ လက်ကျန်စစ်ခွေးတွေ ထွက်ပြေးသွားလို့ အလုံးစုံမြို့ကို အောင်မြင်စွာ သိမ်းပိုက်ပါတယ်။ စစ်ခွေးတွေဘက်က သေဆုံးတာ၊ လက်နက်ချတာတွေရှိတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေချိန် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က နံနက် ၇ နာရီ ၃၅ မိနစ်၊ ၈ နာရီ ၅၇ မိနစ်နှင့် ၉ နာရီခန့်တွင် Yak-130 ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီ ၄၇ မိနစ်၊ ၄၉ မိနစ်နှင့် ၅၂ မိနစ်ခန့်တွင် မုံရွာ နမခ မှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ Y-12 ဗုံးကျဲလေယာဥ်က ဒီပဲယင်းမြို့ပတ်ချာလည်ကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်၊ ၂၄ မိနစ်၊ ၃၀ မိနစ်၊ ၄၈ မိနစ်၊ ၅၁ မိနစ်နှင့် ၁၁ နာရီ ၄ မိနစ်၊ ၅ မိနစ်၊ ၁၁ မိနစ်၊ ၁၆ မိနစ်၊ ၂၅ မိနစ်တို့တွင် လေကြောင်းဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ Mi-35 ရဟတ်ယာဉ်ဖြင့်လည်း ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်နှင့် ၂၄ မိနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် Mi-35 ရဟတ် ယာဉ်ဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒီပဲယင်းမြို့ရှိ ဌာနဆိုင်ရာရုံးတချို့ကို ယခုနှစ် ဇန်နဝါရီလကတည်းက တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် ဇန်နဝါရီလကတည်းက သိမ်းပိုက်ရရှိထားသော ဒီပဲယင်းမြို့ပေါ်မှ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *