မြင်းခြံ ငါန်းမြှာရွာ ရဲစခန်းကို PDF သိမ်းပိုက်၊ စခန်းမှူး အပါအဝင် ရဲမေအချို့ ဖမ်းမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာရွာက စစ်ကောင်စီရဲစခန်းကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် စခန်းသိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းသွားတာကြောင့် စစ်တပ်ဘက်က လေကြောင်း၊ ရေကြောင်းကပါ ပစ်ခတ်‌ေနတာကြောင့် ငါန်းမြှာရွာနဲ့ အနီးအနားကျေးရွာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

မြစ်သာကျေးရွာသားတယောက်က “ငါန်းမြှာကျေးရွာက ကျနော်တို့ရွာနဲ့ တရွာခြားမှာ ရှိတာဗျ။ တရွာခြား ဆိုပေမဲ့ ရွာချင်းက ကပ်နေတာ။ စခန်းသိမ်းတာက မနက်ခင်းအစောပိုင်းက သိမ်းတာထင်တယ်။ အဲလိုသိမ်းလို့ မနက် ၆ နာရီလောက်ရောက်တော့ ဆီမီးခုံဆိပ်ကမ်းကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောက လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ်။ ရွာသားတွေလည်း အကုန်‌ေကြာက်လန့်ပြီး ထွက်ပြေးနေရတယ်။ စစ်သင်္ဘောကတော့ ကျနော်တို့ရွာရဲ့ မြောက်ဘက် မြစ်ရေတင်စီမံကိန်း ဆည်လက်တံ ၁ အနီးမှာ ကမ်းကပ်နေတယ်” လို့ ပြောပါတယ်။

ငါန်းမြှာကျေးရွာ စခန်းသိမ်းနိုင်မှုမှာ စခန်းမှူး အပါဝင် ရဲမေတချို့ပါ ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

မြောင် CDSOM တာဝန်ရှိသူ ကိုနွေဦးက “စခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့တယ်ဗျ။ ကျနော်တို့ ဒီစခန်းကိုသိမ်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ခဲ့တာဗျ။ ဆီမီးခုံ ရေနက်ဆိပ်ကမ်းနဲ့လည်း နီးစပ်‌ေတာ့ တက်သုတ်ရိုက် စခန်းသိမ်းပြီး ပြန်ထွက်ခဲ့တာဗျ။ စခန်းသိမ်းပြီး စကစရဲ့ လက်နက်တချို့ ရရှိခဲ့သလို စခန်းမှူး အပါအဝင် ရဲမေတွေကို အရှင်ဖမ်းမိတာတွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။

အခုစခန်းသိမ်းတိုက်ပွဲကို မြောင် CDSOM နဲ့ မန္တလေးခရိုင် တပ်ရင်း ၅၊ ဒေသခံ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *