ကျိုက်ထိုမြို့နယ်ရဲမှူးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့ရဲ့ မြို့နယ်ရဲမှူးဇော်ဇော်ကို စစ်ကောင်စီတပ်က ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ထောက်ပို့လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့သြဂုတ် ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ မြို့နယ်ရဲမှူး ဇော်ဇော်ကို သူနေထိုင်ရာ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့ရုံးအရှေ့က မြို့နယ်ရဲမှူးအိမ်ရာအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံ ကျိုက်ထိုမြို့နယ်ရဲမှူးဇော်ဇော်ကို စစ်ကောင်စီတပ်က ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ ဌာနချုပ်မှာ စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ရိုက်နှက်တာတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မြို့နယ်ရဲမှူးဇော်ဇော်ဟာ PDF တွေထံ သတင်းပေးဆောင်ရွက်တာ၊ နိုင်ငံ တော်သစ္စာဖောက်ဖျက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့နယ်ရဲမှူးဇော်ဇော် အဖမ်းမခံရခင် ပြီးခဲ့တဲ့သြဂုတ် ၁၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့က ရဲအုပ်ပြည်သူရစိုးကို စစ်ကောင်စီတပ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ကျိုက်ထိုမြို့ရဲစခန်းက ယာဉ်ထိန်းရဲအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီတပ်က PDF တွေနဲ့ ပတ်သက်ဆက်စပ်မှု ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။

တဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ မ ကြာခဏ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံတာတွေ ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *