တစ်မြို့နယ် လူ(၂၀၀)နှုန်း ဆွဲမယ်ဆိုပြီး နေ့ရောညပါ ပေါ်တာဆွဲနေ
လမ်းပေါ်နဲ့ ရွာတွေ သာမက မြို့ပေါ်ရပ်ကွက်တွေအထိ ဝင်ရောက် ပေါ်တာဆွဲလို့ လူငယ်တွေ ထွက်ပြေးနေရ
မန္တလေးတိုင်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်မှာ ဩဂုတ်လ(၁၅)ရက်က စလို့ (၁၉)ရက် ညပိုင်းအထိ စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ လူသစ်စု နေပြီး တစ်မြို့နယ်ကို လူဦးရေ(၂၀၀) ရရှိသည်အထိ ပေါ်တာဆွဲဖို့ စီစဉ်ထားတယ်လို့ သတင်းကြားရကြောင်း ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။
ဩဂုတ်လ(၁၅)ရက်ကနေ (၁၈)ရက်အထိ ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးနယ်ထဲ စစ်အုပ်စုက လမ်းဆုံ လမ်းခွတွေမှာ နေရာယူကာ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ အဓိကထား ပေါ်တာဆွဲသလို ကျေးရွာတချို့ကို စီးနင်း ဝင်ရောက်ပြီး ပေါ်တာဆွဲရာက ဩဂုတ်လ(၁၉)ရက်က စလို့ နေ့ည၊ အချိန်မရွေးတော့သလို မြို့ပေါ် ရပ်ကွက်ထဲအထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ(၁၅)ရက်က စလို့ ကျောက်ဆည်နယ် ပွတ်တိုင်၊ အနောက်ငယ်တိုး၊ ညောင်ပင်ဇောက်၊ ကြောင်ပန်းကုန်း၊ ရွာတော်၊ ဒွေးလှ၊ ရှားပင်၊ ကျီးအိပ် စတဲ့ ကျေးရွာတွေက လူငယ်(၁၅၀)ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး လူ(၂၀၀) မပြည့်သေးတာကြောင့် ဩဂုတ်လ(၁၉)ရက် ညပိုင်းမှာတော့ စစ်အုပ်စုက ကျောက်ဆည်မြို့ပေါ် ရပ်ကွက်တွေထဲ အထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ ကျောက်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့အဝင်အထွက်တွေမှာ နေရာယူပြီး မှတ်ပုံတင်စစ်ရင်း ပေါ်တာဆွဲတာ။ အခုတော့ (၂၀၀) မပြည့်သေးလို့ မြိူ့ထဲ ဦးလှည့်သွားတယ်။ မြို့နယ် တစ်မြို့နယ်ကို (၂၀၀) ရအောင် ဆွဲမယ်လို့ကြားတယ်”
ဩဂုတ်လ(၁၅)ရက်ကနေ (၁၈)ရက်အထိ ကျောက်ဆည်နယ် ကျေးရွာတွေက လူ(၁၅၀)ဝန်းကျင် ပေါ်တာဆွဲ ခံရတယ်လို့ ဆိုပါတယ်။
“လိုက်ရွေးကြတဲ့ မိဘတွေ ပြောပြတာက ပထမရက်က (၇၀)လောက်ပဲ ရှိသေးတယ်။ ဗိုလ်နဲ့ မတွေ့လို့ နောက်ရက် တခါထပ်သွားတော့ (၁၅၀)နီးပါး ရှိပြီတဲ့။ (ပေါ်တာဆွဲထားသူတွေကို) နတ်ရေကန်တပ်ဘက် ခေါ်သွားတယ်” လို့ ကျောက်ဆည် ဒေသခံက ပြောပါတယ်။
ဩဂုတ်လ(၁၉)ရက် မနေ့က ည(၈)နာရီကျော်မှာ ကျောက်ဆည်မြို့အရှေ့ဘက်က ရွာတန်းရှည်ရွာကို စစ်အုပ်စုက စီးနင်းကာ လျှက်စစ်မီးတွေ ဖြတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
“အရှေ့ဘက် ရွာတန်းရှည်မှာ အိမ်စာရင်းနဲ့ ၀င်ဆွဲနေတာ။ မီးလည်း ဖြတ်ထားပါတယ်။ အဲ့ဒီရွာက စစ်မူ့ထမ်း သုံးယောက်တောင်းတာ မပေးလို့ဆိုပြီး ရွာကို ကြိုက်တဲ့သူကို ဆွဲပါလို့ အုပ်ကြီးက ပြောထားလို့ လူငယ်တွေ (၁၅)ရက်နေ့ ကတည်းက ကောင်းကောင်း မအိပ်ရဲကြဘူး။ တောထဲရှောင်နေကြရတာ” လို့ ကျောက်ဆည်နယ်၊ ရွာတန်းရှည်ရွာကို စစ်အုပ်စုက စီးနင်းပေါ်တာဆွဲနေကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
စစ်အုပ်စုက ပေါ်တာဆွဲကာ အတင်းအဓမ္မ စစ်သားသစစုဆောင်းတာ၊ ဖမ်းဆီးငွေညှစ်နေတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“လူငယ်တွေ အကုန် တောထဲ ရှောင်ကြတယ်။ ရွာထဲ မိန်းမနဲ့ ကလေးတွေပဲ ရှိတယ်။ ကျောင်းသားတွေကတော့ မရှောင်ကြဘူး”
ပေါ်တာဆွဲ ဖမ်းဆီးသူတွေထဲ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုနဲ့ ဆွေမျိုးနီးစပ်သူတွေ၊ ငွေပေး ရွေးထုတ်နိုင်သူတွေတော့ ပြန်လည် လွတ်မြောက်တယ်လို့လည်း ကျောက်ဆည် ဒေသခံတွေက ပြောပါတယ်။
“ရာအိမ်မူးသားနဲ့ တူက ပြန်ရောက်လာပြီး သူ့သားလေး ပြန်ပါမလာလို့ ဆိုပြီး အဒေါ်ကြီး တစ်ယောက်တော့ ငိုယို နေလေရဲ့” လို့ ကျောက်ဆည် ဒေသခံတစ်ဦက ပြောပါတယ်။
တံတားဦးမြို့မှာလည်း ဩဂုတ်လ(၁၆)ရက်က စလို့ မြို့အဝင်အထွက်တွေမှာ စစ်အုပ်စုက နေရာယူပြီး လမ်းသွား လမ်းလာတွေကို ပေါ်တာဆွဲ လူသစ်စုရာ ဩဂုတ်လ(၁၆)ရက် မနက်ပိုင်းမှာတင် လူဦးရေ ရာနဲ့ချီ ပေါ်တာဆွဲ လူသစ် စုခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“(ဩဂုတ်-၁၆ရက်) မနက်(၇)နာရီခွဲ တံတားဦးမြို့ အနောက်အထွက် (မြို့သာလမ်း) လက်ပံကွေ့မှာ ခရီးသွား ပြည်သူတွေနဲ့ မန္တလေးကို အလုပ်သွားလုပ်တဲ့ လူငယ်တွေ (အများစုက နေ့စား – ပန်းရံ) ကို ဆိုင်ကယ်တွေ တားပြီး ချောဆွဲထားတဲ့ ကားတွေပေါ် အတင်း တက်ခိုင်းတယ်။ ထွေအုပ်ရုံးကို ပထမဆုံး ခေါ်သွားပါတယ်။ ခေါ်သွားတဲ့ကား အရေအတွက် ခုနှစ်စီး၊ ကားအမျိုးအစားတွေက ကန်တာ၊ လိုက်ထရပ်တွေ ဖြစ်ပြီး ခန့်မှန်း လူ (၂၅၀)ခန့် ရှိပါမယ်။ ဖမ်းဆီးပြီးနောက် မိသားစုဝင်တွေကို ဖုန်းဆက်ခေါ် လက်မှတ်ထိုးခိုင်းပါတယ်။ ခန့်မှန်း လူ (၂၅၀)ထဲက (၈၀)ခန့်ကို ညနေ(၄)နာရီအချိန် ကန်တာတစ်စီး၊ လိုက်ထရပ်တစ်စီး အပြည့်နဲ့ ဘယ်လင်းဘက် (ကျောက်ဆည်- ဘယ်လင်း) ပို့နေပါပြီ” လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။
တံတားဦးမှာ စစ်အုပ်စုက မနက်ပိုင်းနဲ့ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်တွေ ပေါ်တာဆွဲပြီး ငွေပေးနိုင်သူကို ငွေညှစ်ပြီး ပြန်လွှတ်ကာ ငွေမပေးနိုင်သူကိုတော့ စစ်သားသစ် စုဆောင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တချို့ရွာက လူတွေတော့ ငွေအများပေးပြီး လာဘ်ထိုးတဲ့ သူတွေကတော့ (ဩဂုတ်-၁၇ရက်) မနေ့က ပြန်လွတ် လာတယ်။ ငွေမထိုးနိုင်တဲ့ သူတွေကတော့ အတင်းအဓမ္မ ပေါ်တာ အဆွဲခံရတာပေါ့။ တကယ်တော့ အကြမ်းဖက် စစ်အုပ်စုက အနုကြမ်း စီးသလိုမျိုး ဖြစ်နေတာ။ ဖမ်းခံရသူ အများအပြားက သာမန် လက်လုပ်လက်စား၊ နေ့စားသမားတွေ များတယ်။ ငွေပေးရင် ပြန်လွှတ်ပေးတယ်၊ ငွေမပေးနိုင်ရင် ပြန်မလွှတ်ပါဘူး။ ပြန်ပေးဆွဲသလို မျိုးပါ”
စဉ့်ကိုင်မြို့နယ်၊ ရွာဘိုရွာ လမ်းဆုံ အပါအဝင် စဉ့်ကူးနယ်မှာလည်း စစ်အုပ်စုက ဩဂုတ်လ(၁၆)ရက်က စလို့ တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေပြီး အဓိကအားဖြင့် စစ်ဘေးရှောင် ပြည်သူတွေ လာရောက် ခိုလှုံနေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားကာ ဧည့်စာရင်း စစ်ရင်း ဖမ်းဆီးငွေညှစ်တာ၊ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
Photo: မန္တလေးမှာ စစ်အုပ်စုက ပေါ်တာဆွဲ လူသစ်စုထားသူနဲ့ ပျူတွေကို စစ်သင်တန်းပေးနေစဉ်
Leave a Reply