တောင်ပြုံးပွဲမှာ ရန်ဖြစ်တဲ့ လူငယ်တချို့ ဖမ်းဆီခံရပြီး ပြန်မလွတ်ဘဲ စစ်သားသစ် စုဆောင်းခံရ

တောင်ပြုံးပွဲခင်းထဲ ဝင်ဖို့ မှတ်ပုံတင် ပြရပြီး ဆိုင်ကယ်ကို ကျပ်သုံးထောင်နဲ့ ကားကို ကျပ်တစ်သောင်းအထိ စစ်အုပ်စုက ငွေကောက်

ဆိုင်ကယ်ဦးထုပ် မဆောင်းသူနဲ့ သုံးယောက်ပူး စီးသူတွေကိုလည်း စစ်အုပ်စုက ဖမ်းဆီးငွေညှစ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှာ စစ်အုပ်စုက ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ တောင်ပြုံးပွဲတော်အတွင်း စကားများ ရန်ဖြစ်တဲ့ လူငယ်တချို့ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံရပြီး ပြန်မလွတ်ဘဲ စစ်သားသစ် စုဆောင်းခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ်ကျင်းပမြဲအတိုင်း ဝါခေါင်လဆန်း (၈) ရက်ကနေ (၁၅)ရက်၊ လပြည့်နေ့အထိ (ဩဂုတ် ၁၂-၁၉) ရှစ်ရက်ကြာ ကျင်းပခဲ့ပြီး အခုနှစ်မှာ ပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့ကာ လာရောက် လည်ပတ်သူ ရာဂဏန်းသာ ရှိခဲ့ပေမယ့် လူငယ်တချို့ ဖမ်းဆီးပေါ်တာဆွဲ ခံရတာလို့ ဆိုပါတယ်။

“ပွဲထဲမှာ ရန်ဖြစ်လို့ဆိုပြီး ကလေးတွေ အဖမ်းခံရတယ်။ သူတို့လက်ထဲ ဖမ်းမိထားတဲ့သူတွေကို ပြန်မလွှတ်တော့ဘူး။ စစ်မှူထမ်းခေါ်တယ်ဆိုပြီး ကျေးရွာ အုပ်ကြီးတွေကတဆင့် မိဘကို အကြောင်းကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ အရေအတွက် အတိအကျ မသိရပေမယ့် ပွဲတော်ကာလအတွင်း နေ့စဉ်နဲ့အမျှ ဖမ်းဆီးပေါ်တာဆွဲ ခံရသူတွေ ရှိပြီး ပွဲတော်ပြီးဆုံးကာနီး ရက်တွေမှာ ဖမ်းဆီးပေါ်တာဆွဲတာတွေ ပိုလုပ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ တောင်ပြုံးပွဲတော် စတင်ချိန်ကတည်းက မန္တလေး – တောင်ပြုံး – မတ္တရာ ကားလမ်း၊ မန္တလေးမြို့အထွက် ရွှေကျင်ဂိတ်ကနေ လာသမျှ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်သလို တောင်ပြုံးရွာအဝင်ကနေ ဝင်ကြေးကောက်ယူတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက တောင်ပြုံးပွဲတော် လာရောက်သူတွေ အားလုံးကို မှတ်ပုံတင် စစ်ဆေးတယ်လို့ ဆိုပါတယ်။

“တောင်ပြုံးအဝင်မှာ မှတ်ပုံတင်ပြပြီး ဝင်ရတယ်။ ဝင်ကြေးက ဆိုင်ကယ်တစ်စီး သုံးထောင်၊ ကားဆိုရင် ငါးထောင်ကနေ တစ်သောင်းအထိ ပေးရတယ်။ ပြီးတော့ ပွဲစျေးထဲရော၊ နတ်းနန်းတိုင်းမှာလည်း စစ်သားတွေပဲ ရှိတယ်။ တောင်ပြုံးအဝင်ဂိတ်မှာ ဆိုင်ကယ် သုံးယောက်စီးတာတို့၊ ဦးထုပ် မဆောင်းတာတို့၊ လိုင်စင် မပါတာတို့ ဆိုရင်လည်း သူတို့နဲ့ ဘာမှမဆိုင်ဘဲ ဒဏ်ကြေး ကောက်တယ်။ တချို့ လူငယ်တွေဆိုရင် အဲ့နားမှာ ဒူးထောက် ထိုင်ခိုင်းတယ်၊ ပြီးတော့ ရိုက်ခံရတဲ့ ကလေးတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တောင်ပြုံးပွဲတော်ဟာ မြန်မာနိုင်ငံတွင်း အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ကာ နိုင်ငံတဝှမ်းက နတ် ကိုးကွယ် ယုံကြည်သူ သိန်းနဲ့ချီ လာရောက်လေ့ ရှိပါတယ်။

အခုနှစ်မှာတော့ ရိုးရာအရ မဖြစ်‌မနေ လာရောက်ရသူတွေ ပွဲတော်ကို အဓိက လာရောက်ကြပြီး လူမစည်ဘူးလို့ ‌ဒေသခံတွေက ဆိုပါတယ်။

“အရင်တုန်းက ပုံမှန် စည်လို့ရှိရင် (ပွဲတော်ရက်) နှစ်ရက်နေ့ဆို စည်ပြီ။ တစ်ရက်နေ့ဆို တော်တော်များများ ဆိုင်တွေရောက် နေပြီ။ အခုက ခေတ်က မကောင်းတော့ မနေ့ကကို မစည်ပါဘူး။ မနေ့ကကို တစ်ရက်နေ့လောက် မစည်ဘူး”လို့ တောင်ပြုံးပွဲတော်ရဲ့ အစည်ကားဆုံး နေ့ရက်တစ်ခုဖြစ်တဲ့ ဝါခေါင်လဆန်း (၁၁)ရက်၊ ချိုးရေတော်သုံးပွဲနေ့မှာပင် လူမစည်ကားဘူးလို့ တောင်ပြုံးရွာခံ တစ်ဦးက ဩဂုတ်လ(၁၆)ရက်မှာ ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အပြင် စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ခရီးသွားလာဖို့ စက်သုံးဆီ ဝယ်မရတာ၊ စတဲ့ အခက်အခဲတွေကြောင့် ပွဲတော်ကို လာရောက် လည်ပတ်သူ မရှိတာ ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချိုးရေတော် သုံးပွဲနေ့မှာ တောင်ပြုံးပွဲတော် စည်ကားနေကြောင်း စစ်အုပ်စုက သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *