သန်းခေါင်စာရင်းကောက်ယူမှုသည် ပြည်သူတွေအတွက် အန္တရာယ်ဟုသတိပေး

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုသည် ပြည်သူတဦးတယောက်တိုင်းအတွက် အန္တရာယ်ဖြစ်ပြီး နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များက တိုက်တွန်းလိုက်သည်။

စစ်ကောင်စီသန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်ကို ရန်ကုန်လူထုသပိတ်အစုအဖွဲ့များက စက်တင်ဘာလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

နိုင်ငံတွင်းနေ ပြည်သူများ စစ်ဘေး၊ ရေဘေး ဘေးအမျိုးမျိုးရင်ဆိုင်ခံစားနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အပြင်းအထန်ကြိုးစားနေကြောင်း သပိတ်အစုအဖွဲ့များက ပြောသည်။

နိုင်ငံတနိုင်ငံ၏ လူမှုစီးပွားမှုဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာရန် သန်းခေါင်စာရင်းကောက်ယူမှုသည် လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း သပိတ်အစုအဖွဲ့များက ဆိုသည်။

သို့သော် နိုင်ငံ၏ လူမှုစီးပွားကို ဖျက်ဆီးနေသည့် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုသည် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချရန်ဖြစ်ကြောင်း သပိတ်အဖွဲ့များက ဖော်ပြသည်။

သန်းခေါင်စာရင်းကောက်ယူမှုသည် ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တခုအပြင် မြို့နယ် ရပ်ကွက်အလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၏ အခြေအနေ၊ မြို့ပြနေ သပိတ်ရဲဘော်များ တော်လှန်ရေးအင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းမှုသည် မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူလူထု တဦးတယောက်တိုင်းအတွက် အန္တရာယ်ဖြစ်ကြောင်း သပိတ်အစုအဖွဲ့များက အသိပေးသည်။

ထို့ကြောင့် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အတူ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းမှုကို ဆန့်ကျင်ကြရန် သပိတ်အစုအဖွဲ့များက တိုက်တွန်းသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်တွင် ပါဝင်မည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လ၀ကနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် ပြည်သူများ၏ ဒေါသနှင့် ကြုံတွေ့နိုင်ပြီး ဖိအားများကြောင့်ပါဝင်ရပါက သန်းခေါင်စာရင်းလုပ်ငန်းစဉ် နှောင့်နှေးစေမည့် နည်းလမ်းများဖြင့် ပြည်သူ့ဘက်က ရပ်တည်ရန် အသိပေးသည်။

“ အဓိကတော့ ကျနော်တို့ အမြဲပြောနေတဲ့ စကစနဲ့ မပူးပေါင်းရေးပါဘဲ၊ ဘယ်လုပ်ငန်းစဉ်မှာမဆိုပေါ့နော်၊ အခု အနီးကပ်ဆုံး ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ‌အပေါ် ခြိမ်းခြောက်မှု ဖြစ်လာတာ‌ကတော့ သန်းခေါင်းစာရင်းပေါ့၊ ဒီဟာက စကစရဲ့ မြို့ပြတွေကို အုပ်စီးနိုင်ဖို့ ကြိုးစားချက်တွေထဲက တခုဖြစ်တယ်၊ ဒါကို ကျနော်တို့နဲ့ လူထုနဲ့ အတူတူ အားကုန်သုံးပြီး နည်းလမ်းအားလုံးနဲ့ ဆန့်ကျင်ဖို့ လိုပါတယ်။” ဟု ရန်ကုန်အခြေစိုက် သပိတ်ရဲဘော် ကိုစောညိမ်း က ပြောသည်။

ဘက်ပေါင်းစုံ၌ ကျရှုံးနေသည့် စစ်ကောင်စီသည် စစ်မှုထမ်း၊ သန်းခေါင်စာရင်း၊ ဟန်ပြရွေးကောက်ပွဲ စသည့်ကြိုးပမ်းမှုများဖြင့် အာဏာအသက်ဆက်ရန် ကြိုးပမ်းနေမှုကို ပြည်သူလူထုတရပ်လုံးနှင့်အတူ တော်လှန်ရေးအင်အားစုများ၊ ဝန်ထမ်းများက စုပေါင်းအားဖြင့် အတူတကွ ဆန့်ကျင်ဖြိုဖျက်ကြရမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယ အပတ်မှစ၍ မိုးရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ၏ ၁၆ ရာခိုင်နှုန်းခန့် ရေလွှမ်းမိုးခဲ့ပြီး လူသေဆုံးမှုအပြင် ဒေသခံ သိန်းနှင့် ချီ ရေဘေးကြုံနေရချိန် စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သဘာဝဘေးစီမံမှု အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသည့် ဒေသခံများ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နေရပ်အမြန်ဆုံးပြန်နိုင်ရေး လုပ်ဆောင်ရန် ပြောကြားမှု ရှိခဲ့သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီက လုပ်ဆောင်မည်ဖြစ်သည်။

ထို့သို့ ကောက်ယူရရှိသည့် သန်းခေါင်စာရင်းကို အခြေခံ၍ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်၍ ပစ်မှတ်ထားအရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *