လှိုင်းဒဏ်တွေကြားက အသက် ၁၂ နှစ်အရွယ် ပရဟိတသမားလေး မောင်ပေါများ

မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ထဲ မိုးစက်ကျသံနဲ့အတူ တဝေါဝေါ စီးနေတဲ့ ရေစီးသံသာ စိုးမိုးနေတဲ့အချိန်။ ကိုသန့်စင် (အမည်လွှဲ)ဟာ မိတ်ဆွေနှစ်ဦးနဲ့အတူ ကျွဲသုံးကောင်ကိုဆွဲရင်း ရေစီးကိုဖြတ်ပြီး ဘေးလွတ်ရာကို သွားဖို့ကြိုးစားနေတယ်။

ဒါပေမယ့် သိသိသာသာတိုးလာတဲ့ စစ်တောင်းမြစ်ရေက ဘေးလွတ်ရာကို မပို့ဆောင်ဘဲ သူတို့သုံးယောက်နဲ့ ကျွဲသုံးကောင်ကို ထိုးချသလိုဖြစ်ပြီး မနက် ၄ နာရီဝန်းကျင်မှာ သူတို့သုံးယောက်လုံး စစ်တောင်းမြစ်ကြောင်းဘက်ကို မျောပါသွားခဲ့တယ်။

“တအားကြောက်တာပေါ့ ရေနောက်ပါသွားတယ်ဆိုတော့ သွားပြီနဲ့တူတယ်ဆိုပြီး။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရေစီးတဲ့ လမ်းကြောင်းမှာ ငှက်ပျောပင်တွေနဲ့ ကျွန်းပင်တွေရှိတယ်။ အဲ့ဒီအပင်တွေကို တွယ်ကပ်ပြီးတော့ တက်ပြီးမှ အိမ်တအိမ်ပေါ် ရောက်သွားတာဗျ။ အဲ့ဒီမှာ ကျွန်တော်အပါအဝင်သုံးယောက်ပေါ့၊ ကျွန်တော်တို့သုံးယောက်နဲ့ အဲ့ဒီအိမ်ရှင်မိသားစု ငါးယောက် စုစုပေါင်း ရှစ်ယောက် ပိတ်မိသွားတယ်။ အဲ့ဒီမှာ ဖုန်းဆက်ပြီး အကူအညီတောင်းကြတဲ့ အခါကျတော့ ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့လှေတွေက ကူးလို့မရသေးဘူး ဖြစ်နေတယ်တဲ့” လို့ ကိုသန့်စင်က သူ့ရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။

ကိုသန့်စင်ရှိနေတဲ့ စစ်တောင်းမြစ်ကမ်းဘေးက ပေါင်းလောင်း တဲတန်းဆိုတဲ့ ဒေသလေးကို ရေစတက်ချိန်မှာ ကယ်ဆယ်ရေးအသင်းတွေ လာရောက်ကယ်တင်နိုင်စွမ်း မရှိခဲ့ပေမယ့် အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ မောင်ပေါများလေးကတော့ ရေစီးသန်နေတဲ့ကြားထဲ သူ့ရဲ့ လှေငယ်လေးနဲ့အတူ လူ့အသက်တွေကို ကယ်ထုတ်ဖို့ ရောက်လာခဲ့တယ်လို့ ကိုသန့်စင်က ပြောပြပါတယ်။

“ ပေါများလေးက ကျွန်တော်တို့ကို လာကယ်တယ်။ လာကယ်တဲ့အချိန်မှာ နေ့ခင်းလောက်ကျမှ လာကယ်နိုင်တယ်၊ ကျွန်တော်တို့ကို လေးခေါက်ကယ်ရတယ် အကုန်လုံး ဘေးပတ်ဝန်းကျင်အိမ်မှာက ငါးယောက်ရှိတယ်၊ ကျွန်တော်တို့က ရှစ်ယောက် အားလုံး ၁၃ ယောက်ကို လေးခေါက်ကယ်ရတယ်။ ကျွန်တော်က နောက်ဆုံးမှပေါ့။ ကျွန်တော်တို့သုံးယောက်က ည ၈ နာရီလောက်မှ ကုန်းပေါ်ကို ရောက်တယ်ဗျ။ ခက်ခက်ခဲခဲနဲ့ ကယ်ရတာပေါ့ သူ” လို့ ကိုသန့်စင်က ပြောပြပါတယ်။

တိုင်ဖုန်းမုန်တိုင်း ရာဂီရဲ့ သက်ရောက်ကြောင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်က ပေါင်းလောင်းရွာအပါအဝင် မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ် အများစု၊ တောင်တန်းဒေသတွေပါမကျန် ရေကြီးရေလျှံမှု၊ တောင်ကျရေစီးဆင်းမှုတွေနဲ့ အတူ မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။

စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ ဒီမုန်တိုင်းကြောင့် လူပေါင်း ၉၀၀,၀၀၀ နီးပါး ရေဘေးသင့်ခဲ့ကာ နိုင်ငံတဝှမ်း ပြည်သူ ၃၈၄ ဦး သေဆုံးခဲ့ရတယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးသူ သုံးဦးလည်း ပါဝင်ခဲ့ပါတယ်။

စစ်တောင်းမြစ်ဘေးက အောင်သုခရွာ၊ ပေါင်းလောင်းရွာ၊ ကြို့ပင်သာရွာ၊ အရှေ့ကမ်းတဲစု စတဲ့ ဒေသတွေ ရေဘေးသင့်တဲ့ဖြစ်စဉ်အတွင်း ရေဘေးသင့်တဲ့ ပြည်သူ ၁၀၀ ကျော်ကို မောင်ပေါများတို့သားအဖက ကုန်းအမြင့်က ရွာတွေဆီရောက်ဖို့ စက်တင်ဘာလ ၁၁ ရက်နေ့ အာရုဏ်တက်ချိန်ကနေစပြီး ကယ်ထုတ်ပေးခဲ့ပါတယ်။

ပုံမှန်လူကြီး ခုနစ်ယောက် လိုက်စီးဖို့မလွယ်တဲ့ လှေငယ်လေးနဲ့ ကယ်ဆယ်ရေးလုပ်ရတာဖြစ်တဲ့အတွက် ခရီးမတွင်ပေမယ့် အကြိမ်ကြိမ် ကယ်ထုတ်ခဲ့တယ်လို့ မောင်ပေါများလေးရဲ့ ဖခင် ဦးမင်းနိုင်က ပြောပါတယ်။

လှေတစီးမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပဲ့ကိုင်တဲ့ အလုပ်ကို ပုံမှန်လူကြီးတွေတောင် လုပ်ဖို့ မလွယ်ကူပေမယ့် အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်ပေါများကတော့ တဟုန်ထိုး စီးဆင်းနေတဲ့ စစ်တောင်းမြစ်ရေထဲ ပဲ့ကို ကျွမ်းကျင်ပိုင်နိုင်စွာကိုင်ရင်း လူပေါင်းများစွာကို ကယ်နိုင်ခဲ့ပါတယ်။

တကယ်တော့ ဒီလို ပဲ့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်တာက မောင်ပေါများဟာ သူအသက် ကိုးနှစ်အရွယ်ကတည်းက မိသားစုစားဝတ်နေရေးအတွက် စစ်တောင်းမြစ်ထဲမှာ ဖခင်ဖြစ်သူနဲ့အတူ မိသားစုလုပ်ငန်းဖြစ်တဲ့ တံငါအလုပ်ကို စတင်လုပ်ကိုင်ခဲ့ရတာကြောင့်ပါ။

မွေးချင်းခုနစ်ယောက်အနက် လေးယောက်မြောက်ဖြစ်တဲ့ မောင်ပေါများဟာ ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သုခရွာရဲ့ အလယ်သောင်ခုံကြီးဆိုတဲ့နေရာမှာ မိသားစုနဲ့အတူ နေထိုင်တာပါ။ အောင်သုခရွာစာသင်ကျောင်းမှာ ဒုတိယတန်း တက်ရောက်နေတဲ့ မောင်ပေါများဟာ မိသားစု စားဝတ်နေရေးအတွက် ပညာကို တစိုက်မတ်မတ် သင်ယူဖို့ အခွင့်အရေး မရခဲ့ပါဘူး။

သူ့ဘဝရဲ့ အချိန်တော်တော်များများကို ကျောင်းထက် လှေပေါ်မှာ အချိန်ပေးထားခဲ့ရပါတယ်။

“သူက လေးတန်းကို စာမလိုက်နိုင်လို့ နှစ်တန်း ချလိုက်ပြီး နှစ်တန်းတက်နေတာ။ စာမရတာကလည်း ကျန်တာမဟုတ်ဘူး ကျောင်းမတက်ရတဲ့ ရက်ကများနေတာ။ တလကို ခြောက်ရက်လောက်တောင် ပုံမှန်မတက်ရဘူး။ အဲ့ဒီတော့ ကျောင်းအုပ်တွေ ကျောင်းဆရာမတွေက တောက်လျှောက်ပြောတယ်လေ။ မောင်ပေါများကိုက ကျောင်းထုတ်ရမှာလားဆိုတော့ ကျွန်တော်က ဆရာမ၊ ဆရာကြီးတွေနဲ့ သွားတွေ့ပြီး ပြောရတာပေါ့။ ကျွန်တော် စားဝတ်နေရေးအဆင်မပြေလို့ပါပေါ့၊ ဒီကလေးလေးနဲ့ ချောင်းထဲ ဆင်းရတာပေါ့ဆိုပြီး ပြောရတာပေ့ါ” လို့ မောင်ပေါများရဲ့ ဖခင် ဦးမင်းနိုင်က ပြောပြပါတယ်။

ပေါများဆိုတဲ့ နာမည်ပေးဖြစ်ခဲ့ပုံကိုလည်း “ အင်းထဲမှာ တံငါလုပ်တာလေ။ တံငါလုပ်ရင်း သူမွေးတော့ ငါးတွေဖားတွေက တအားရတာလေ။ တအားရတော့ အိမ်မယ် ဟိုကပေး ဒီကပေးနဲ့။ အဲ့ဒါနဲ့ မောင်ပေါများ မွေးမှပဲ ပေါများတော့တယ်ဆိုပြီး ကျွန်တော်ကိုယ်တိုင်ကကို ငါ့သားကို ပေါများဆိုတဲ့ နာမည်ပေးပြီးမှ ကျွန်တော်ကိုယ်တိုင် ပေးလိုက်တာ” လို့ သူက ဆက်ပြောပါတယ်။

ဘဝကို ဒီလို ခက်ခက်ခဲခဲ ဖြတ်သန်းနေကြတဲ့ သားဖနှစ်ဦးဟာ ရေစတက်လာပြီဆိုတာ သိတဲ့အချိန်ကနေစပြီး သူ့ရဲ့မိသားစုဝင်တွေကို ဘေးလွတ်ရာကို ရွှေ့ပြီးတာနဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကယ်ဆယ်ရေး စတင်ပြုလုပ်ခဲ့တာလို့ တံငါအလုပ်ကြောင့် နေလောင်ထားတဲ့ ညိုညက်ညက် အသားအရေပိုင်ရှင် မောင်ပေါများက ပြောပြပါတယ်။

“ညတွင်းပိုင်းကြီး ရွာထဲ ရေတွေရောက်လာတော့၊ မနက်ခင်းပိုင်းကျတော့ အမေတို့ကို ရွှေပြည်သာရွာကို ပို့ပေးပြီးတော့ ရွာသူရွာသားတွေကို စပို့တာပါ။ မနက်ခင်း ၃ နာရီလောက်ကတည်းက စပို့တာပါခင်ဗျ။ အသက်ကြီးရွယ်အိုတွေကို စပြီးသယ်ထုတ်ပေးခဲ့ပါတယ်။ ၁၁ ရက်နေ့က စပို့ပေးပါတယ်။ သားတို့ရွာထဲမှာဆိုရင် တရွာလုံးမြုပ်ကြတယ်။ သားတို့အိမ်ဝိုင်းထဲမှာဆိုရင် လူမမှီဘူး” လို့ မောင်ပေါများက ပြောပြပါတယ်။

ငယ်ရွယ်တဲ့ အသက်နဲ့ နုနယ်သေးတဲ့ လုပ်သက်ကြောင့် သားဖြစ်သူကို စိတ်မချတဲ့ ဦးမင်းနိုင်ဟာ လှေဦးမှာထိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတူလိုက်ပါခဲ့ပါတယ်။

“ကျွန်တော် လှေဦးပေါ်မှာ တောက်လျှောက်ရှိတယ်။ ဘာလို့လဲဆိုတော့ ရေပန်းတွေက တအားယက်တော့ ဘယ်လိုလေးမောင်းဆိုတာ သူ့ကို နည်းစနစ်က ပြတာ။ ဒါပေမယ့် ကျွန်တော်ပါသွားရင် လူအင်အားက မနိုင်တော့ ကမ်းပါးကနေပြီးတော့ သားရေ၊ စက်ကို ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်၊ ဘယ်အိမ်က အရင်ဆုံးနစ်နိုင်တယ်။ ဘယ်အိမ်ကို အရင်ဆုံးသွားလိုက်ပေါ့၊ စီစဉ်ပေးရတာပေါ့ ဖအေကတော့”

“ ဘယ်အိမ်တွေက ပိတ်မိနေတယ်။ မှန်တွေ တံခါးတွေ ရိုက်ဖွင့်ရင်တောင် ပိုင်ရှင်က ပြောမှ ရိုက်ဖွင့်ခိုင်းတာ။ ပိတ်ထားတာကျတော့ ကိုယ့်ဆီမှာ စက်ပစ္စည်းပါသွားတော့ ခွတွေနဲ့ ရိုက်ဖွင့်ရတာပေါ့။ အဲ့ဒါမျိုးတွေကျတော့ ကျွန်တော်ပါသွားတာပေါ့။ တော်ရုံတန်ရုံ အိမ်ခေါင်မိုးပေါ်မှာ ရှိတဲ့သူတွေကတော့ သူ့ဘာသူ ကယ်ထုတ်တာပေါ့” လို့ ဦးမင်းနိုင်က ဆက်ပြောပါတယ်။

တဖန် ကူညီကယ်ဆယ်ရေးလုပ်ရင်း လှေပေါက်သွားတဲ့အတွက် မော်တာကို တဖက်က ကိုင်ရင်း တဖက်က လှေထဲဝင်နေတဲ့ ရေတွေ ခပ်ထုတ်ခဲ့ပုံတွေ၊ ရေဘေးသင့်ပြည်သူက အဝတ်မပါလာလို့ ဝတ်ထားတဲ့အဝတ်ကို ချွတ်ပြီး အပေါ်ပိုင်းဗလာနဲ့ ကူညီကယ်ဆယ်ရေး ဆက်လုပ်ခဲ့ရပုံကိုလည်း မောင်ပေါများတို့ သားအဖက ပြန်ပြောင်း ပြောပြပါတယ်။

တဖက်မှာလည်း ကယ်ဆယ်ရေးပြုလုပ်နေရင်း အဆူးအချွန်တွေ၊ သစ်ပင်တွေရဲ့ အတက်အလက်တွေနဲ့ ခြစ်မိတာတွေကြောင့် မောင်ပေါများရဲ့ ခန္တာကိုယ်၊ မျက်နှာနဲ့ လက်တို့မှာ ဒဏ်ရာတချို့ရခဲ့ပေမယ့် လူတွေအများကြီးကို ကယ်ပေးလိုက်နိုင်တဲ့အတွက် ပျော်တယ်လို့ မောင်ပေါများက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက် ပြုလုပ်ပေးခဲ့တဲ့ မောင်ပေါများအကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေသူတွေများလာပြီး အကူအညီပေးသူတွေလည်း ရောက်လာတယ်လို့ မောင်ပေါများတို့ သားအဖက ပြောပါတယ်။

အလယ်သောင်ခုံကြီးက ရေဘေးဒဏ် ခံလိုက်ရတဲ့ ယိုင်နဲ့နဲ့အိမ်ငယ်လေးဆီကို မပြန်နိုင်သေးတဲ့ မောင်ပေါများတို့မိသားစုက အဖွားဖြစ်သူရဲ့ အိမ်မှာ ခေတ္တနေနေကြပြီး လာသမျှ အလှူရှင်တွေ၊ ဧည့်သည်တွေကိုလည်း အဖွားဖြစ်သူရဲ့ အိမ်အရှေ့မှာပဲ လက်ခံတွေ့နေကြတာပါ။

“ကျွန်တော်ကိုယ်တိုင်က ရေဘေးသင့်ခဲ့တာဖြစ်ပြီး ဒီကလေးက ကျွန်တော့်ကို ကယ်ပေးတဲ့သူဆိုတော့ ကျေးဇူးလည်းတင်တယ်။ ကျွန်တော့်သားတပည့်လေးအတွက် ကျွန်တော်တခုခု ပြန်လုပ်ပေးချင်တယ်ဗျာ” လို့ မောင်ပေါများကို စာသင်ပေးခဲ့ဖူးတဲ့ ကျောင်းဆရာတဦးကလည်း ပြောပါတယ်။

ဆရာဝန်တဦးဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ မောင်ပေါများက သူ့အတွက်ထက် မိသားစု စားဝတ်နေရေးကသာ အရေးအကြီးဆုံးလို့ ပြောပါတယ်။ တဖန် ယိုင်နဲ့နဲ့ ရေဘေးသင့် အိမ်လေးထဲ မိသားစုတွေအားလုံးနေဖို အဆင်မပြေတဲ့အတွက် အိမ်ကလေးတလုံး ဆောက်ပေးချင်တယ်လို့ မောင်ပေါများက ပြောပြပါတယ်။

“သား အိမ်လေးဆောက်ချင်တယ်။ အခုက အမေကြီး (အဖွား) တို့ ဝိုင်းလေးမှာ ကပ်နေနေရတာ။ အိမ်လေးရှိရင်တော်ပါပြီ” လို့ မောင်ပေါများက ပြောပါတယ်။

✍🏻ခယ်မေရှင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *