စစ်ကောင်စီက ဖွဲ့စည်းနေသည့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကြောင့် ဓားပြတိုက်မှုများပိုမိုဖြစ်ပွားလာမည်ကို ပြည်သူများစိုးရိမ်နေ

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အကြမ်းဖက်မှုပပျောက်ရေးဟုဆိုကာ စစ်ကောင်စီက ဖွဲ့စည်းနေသည့် အကြမ်းဖက်နှိမ်နှင်ရေးအဖွဲ့ဝင်များကို လက်နက်များတပ်ဆင်ပေးနေမှုများကြောင့် ဓားပြမှုများ ပိုမိုဖြစ်ပွားလာမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆ရက်တွင် စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကိုစတင်ဖွဲ့စည်းပြီးနောက် စက်တင်ဘာ လ ဆန်းပိုင်းမှ စတင်ကာ အသက် ၃၅နှစ်မှ ၆၅နှစ်အရွယ် ပြည်သူများကို သက်ဆိုင်ရာမြို့နယ်အလိုက် ရက်တို စစ်သင်တန်းများ ပေးပြီး လက်နက်တပ်ဆင်ပေးရန် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

“ကျတော်တို့ သာယာ၀တီ ၃၅ စစ်တပ်မှာ သင်တန်းပေးနေပြီ၊ အယောက် ၆၀လောက်ရှိတယ်လို့ကြားတယ်။ နောက်အသုတ်တွေလည်း ထပ်ပေးအုန်းမှာတဲ့၊ သင်တန်းဆင်းပြီးတဲ့သူတွေကို လက်နက်တွေထုတ်ပေးမှာလို့ပြောတယ်။ အေးချမ်းနေတဲ့ မြို့တွေ၊ ရွာတွေမှာ စစ်တပ်က လက်နက်ထုတ်ပေးပြီးရင် ဓားပြတိုက်တာတွေ၊ လက်နက်အားကိုးနဲ့ လူမိုက်တွေလုပ်ပြီး ရမ်းကားမှာတွေကို စိုးရိမ်ရတယ် ” ဟု သာယာ၀တီမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖွဲ့စည်းနေသည့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့သို့ ဝင်ရောက်သူများ၌ မဲနှိုက်ရွေးချယ်ခံရသူများရှိသလို မိမိသဘောဆန္ဒအရ ပါဝင်သူများလည်းရှိကြောင်း လက်ပံတန်းမြို့နယ်မှ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

“သူ့သဘောအတိုင်းဝင်တဲ့ သူတွေက လူဆိုး၊ လူမိုက်၊ အရက်သမားတွေများတယ်။ အဲဒီသူတွေကို အုပ်ကြီး(စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး)တွေက လခတွေပေးမှာ၊ လက်နက်လည်းပေးမယ်၊ မိသားစုလည်းထောက်ပံ့ပေးမယ်၊ စစ်လည်းမတိုက်ရဘူး။ ကိုယ့်မြို့၊ ကိုယ့်ရွာမှာဘဲ စောင့်ရှောက်ရမှာလို့ စည်းရုံးပြီးခေါ်သွားတာ၊ အဲ့ဒီလို လူမျိုးတွေလက်ထဲ လက်နက်တွေရောက်သွားရင် မလွယ်ဘူး ”ဟု အထက်ပါ အမျိုးသားက စိုးရိမ်စွာ ပြောသည်။

လက်ရှိ ရက်တို စစ်သင်တန်းတက်ရောက်နေသူများသည် သင်တန်းဆင်းပါက စစ်ကောင်စီ၏ သန်ခေါင်စာရင်းကောက်ယူသည့်အခါတွင် လုံခြုံရေး ဆောင်ရွက်ပေးရမည်ဟု စစ်သင်တန်းတက်ရောက်နေသူတစ်ဦး၏ အမျိုးသမီးတစ်ဦးက ပြောသည်။

” အမ အမျိုးသားက မဲပေါက်လို့ ပါသွားတာ၊ မလိုက်ချင်လို့လည်းမရဘူး အတင်းခေါ်သွားတာ၊ အခုသင်တန်းမှာလည်း ထမင်းတွေ၊ အစားအသောက်တွေ အဆင်မပြေဘူးတဲ့၊ သင်တန်းတက်နေတာ တစ်လနီးပါးလောက်ရှိပြီ၊ အောက်တိုဘာလထဲမှာ သင်တန်းဆင်းမယ်လို့ပြောတယ်။ အဲ့ဒီအခါ သန်းခေါင်စာရင်းကောက်တဲ့သူတွေကို လုံခြုံရေး ယူပေးရမယ်တဲ့ ” ဟု ၎င်းက ပြောသည်။

ထို့ပြင် အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်ဖြင့် စစ်သင်တန်းတက်ရောက်ပြီးနောက် လက်နက်ကိုင်ဆောင်ခွင့်ရရှိသူများသည် ပြည်သူများကို အနိုင့်ကျင့်မှုများ လုပ်ဆောင်နေကြောင်း မိုးညိုမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“အန်တီတို့ရွာမှာ စစ်သင်တန်းတက်ပြီးလို့ အဖွဲ့ဖွဲ့ထားတာရှိတယ်။ ရွာထဲမှာလည်း ဂိတ်ဖွင့်ထားတယ်။ အယောက် နှစ်ဆယ်လောက်ရှိမယ်။ ရမ်းကားတာတွေလုပ်တယ်။ သူတို့နဲ့မတည့်တဲ့သူတွေဆို စစ်တပ်ကိုခေါ်ပြီး ဖမ်းခိုင်းတာတွေ၊ ထိုးကြိတ်တာတွေက အစလုပ်တာ၊ ပိုက်ဆံလည်း ခဏခဏကောက်တယ်။ သူတို့မှာ သေနတ်တွေရှိတော့ ဘယ်သူမှ ပြန်မပြောရဲဘူး ” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ဖြစ်ပွားလာသည့်အချိန်တွင် စစ်တပ်ဩဇာခံသူများက ပျူစောထီးအဖွဲ့များ ဖွဲ့စည်းခဲ့သည့်အပြင် စစ်ကောင်စီက ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး အသက် ၁၈နှစ်မှ ၃၅ အရွယ် လူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်မှုများအပြင် ဩဂုတ် လအတွင်း အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့ကိုဖွဲ့စည်းကာ အသက် ၃၅နှစ်မှ ၆၅အရွယ် အမျိုးသားများကို စစ်သင်တန်းတက်ရောက်ရန် လုပ်ဆောင်မှုများရှိခဲ့ကာ၊ ပြည်သူများကို အဓမ္မဖမ်းဆီးပြီး စစ်သင်တန်း တက်ရောက်ခိုင်းစေမှုများ လုပ်ဆောင်လျက်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *