မြန်မာခရီးသွားဒေသများ ဘေးကင်းကြောင်းဝါဒဖြန့်ရန် စစ်ခေါင်းဆောင် တိုက်တွန်း

မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ လုံခြုံစိတ်ချဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိ အခြေအနေမှန်များအား ခရီးသွားများထံ အချိန်တိုအတွင်း သိရှိစေမည့်နည်းလမ်းများ အသုံးပြုဆောင်ရွက်ကြရန် ဟိုတယ်ခရီးဝန်ကြီးဌာနနှင့် ခရီးသွားအဖွဲ့အစည်းများအား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့သည်။

တနိုင်ငံလုံးနီးပါး စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေချိန်တွင် ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနား တက်ရောက်လာသော စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကမ္ဘာ့အန္တရာယ်ရှိနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဒေသ အများအပြားသို့ ခရီးသွားရောက်ခြင်း မပြုကြရန် အမေရိကန်နှင့် အနောက်နိုင်ငံများက ၎င်းတို့နိုင်ငံသားများအား သတိပေးထားကြသည်။

အမေရိကန်နိုင်ငံအနေဖြင့် ပြည်တွင်းမငြိမ်သက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်နေသည့် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံသားများ ခရီးမသွားကြရန် အနီရောင်အဆင့် ၄ သတ်မှတ်တားမြစ်ထားကြောင်း ယခုနှစ် ဇန်နဝါရီလက သတိပေးချက် ထုတ်ပြန်ထားသည်။

ခရီးသွားဇုန်များတွင်ပါဝင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်စသည့် နေရာများသည် စစ်ပွဲဇုန်များဖြစ်နေပြီး အခြားသော ခရီးသွားဇုန်များ၌လည်း နိုင်ငံတကာခရီးသည်လျော့ကျမှုများရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ထုတ်ဖော်ပြောထားကြသည်။

လတ်တလောတွင်လည်း တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်လေး၊ ကလော၊ ပုဂံစသည့် ခရီးသည်ဝင်ရောက်မှုများသောဒေသများတွင် မိုးရွာသွန်းမှုများပြီး ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုများကြောင့် လူသေဆုံးမှုများရှိခဲ့သည့်အပြင် လမ်း၊ တံတား ပျက်စီးမှုများ ရှိနေသည်။
ထိုအခြေအနေများအောက်တွင် စစ်ခေါင်းဆောင်က ခရီးသွားဒေသများ ဘေးကင်းကြောင်း ဝါဒဖြန့်ရန် ပြောဆိုလာခြင်းဖြစ်ပြီး ပုဂ္ဂလိကခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

နိုင်ငံတကာခရီးသွားဝင်ရောက်မှုအနေဖြင့် ယမန်နှစ်က တသန်းကျော်ရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ပထမ ငါးလအတွင်းမှာပင် ၅ သိန်းကျော်ဝင် ရောက်ခဲ့သည့်အတွက် ယခင်နှစ်ထက် ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်းလည်း ၎င်းကပြောသည်။

နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံက ဆောင်ရွက်လျက်ရှိရာ စီးပွားရေးကို အထောက်အကူ ဖြစ်စေသည့် ခရီးသွားလုပ်ငန်းအား အလေးထားလုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးအချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်များကိုယ်တိုင် အစိုးရနှင့်လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြမည်ဆိုပါက တိုင်းရင်းသားဒေသများ လျင်မြန်စွာ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ပုံစာ-စက်တင်ဘာ ၂၇ ရက်က နေပြည်တော် MICC 2 တွင်ပြုလုပ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားတွင် တွေ့ရသော စစ်ခေါင်းဆောင်/ CINCDS


Comments

Leave a Reply

Your email address will not be published. Required fields are marked *