စစ်ကောင်စီထိုးစစ်ကြောင့် ဗန်းမော် – မိုးမောက်ကြား တိုက်ပွဲဆက်လက်ပြင်းထန်ဟု KIA အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက် ထားသည့် မိုးမောက်မြို့နယ် ခလရ(၄၃၇) တပ်ရင်းကို ပြန်လည်ရရှိရေး စစ်ကောင်စီက ထိုးစစ်ဆင်နေ၍ ဗန်းမော် – မိုးမောက်မြို့နယ်ကြားတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့ (စက်တင်ဘာ ၂၇ရက်) တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဗန်းမော် – မိုးမောက်မြို့နယ်ကြားရှိ အောင်မြေရွာဘက်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၇ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကာ ခြေလျှင်စစ်ကြောင်းထိုးလာ၍ KIA ပူးပေါင်းတပ်နှင့် တနေကုန်နီးပါး ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

စက်တင်ဘာ ၂၄ရက်ကလည်း မိုးမောက်မြို့ (၇)မိုင်ဘက်သို့ စစ်ကောင်စီ ထိုးစစ်ဆင်လာ၍ KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုစဉ်ကလည်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။ ထို့အပြင် တင့်ကားပါဝင်သည့် ခြေလျင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ တပ်ဆုတ်သွားသည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အဆိုပါနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့လုံခြုံရေးအတွက်အရေးပါသည့် မိုးမောက် ခမရ(၄၃၇)တပ်ရင်းကို KIA ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်ရင်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အား ရာချီအသုံးပြုပြီး မိုးမောက်ကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သော်လည်း တစ်လခန့် ကြာသည်အထိ KIA ပူးပေါင်းတပ်၏ ခုခံမှုကို ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။

(မိုးမောက်မြို့နယ် ခလရ(၄၃၇) တပ်ရင်းတည်နေရာမြေပုံ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *