နောက်ဆုံးကျန်သည့် နခခ ၅ကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်စစ်ကို အရှိန်မြှင့်သွားမည်

ရခိုင်​တွင် သိမ်းယူရန်ကျန်​နေသည့် စခန်းအားလုံးကို သိမ်းပိုက်ပြီး မောင်တောရှိ နောက်ဆုံးကျန်သည့် နခခ ၅ကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်စစ်ကို အရှိန်မြှင့်သွားမည်ဟု AAပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပြင်တွင် တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီ၏ နခခ (၅) ​မြို့သူကြီးစခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်‌ကြောင်း အာရက္ခတပ်တော် (AA)က ယမန်​နေ့ စက်တင်ဘာ ၂၇ ရက်​နေ့တွင် ထုတ်ပြန်ထားသည်။

မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်းတွင် ကစဉ့် ကလျားထွက်ပြေး၍ တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင်အကြမ်းဖက် အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင် အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိ‌ကြောင်း AA က ဆိုထားသည်။

မောင်တောမြို့နယ်တွင် ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များကို AA က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းမှတိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် AA က မြေပြင်စစ်ကူပို့ရန်အတွက် စစ်ကောင်စီ၏ မြေပြင်လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီသည်လေ ကြောင်းမှပင် စစ်ကူနှင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက် ညနေ ၃နာရီခန့်က မောင်တော နခခ ၅သို့ ပေးပို့သည့် လက်နက်ခဲယမ်းနှင့် ရိက္ခာထုတ်များကို တပ်စခန်းအပြင်သို့ ထွက်၍ကောက်ယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို AA က ဖမ်းဆီး ရမိမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီသည် လက်လွှတ်ရကာနီးဖြစ်နေသော မောင်တောကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီသည်ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်နေ့က မောင်တော နခခ ၂ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သုံ့ပန်း ၅၀ကျော် သေဆုံးပြီး ၇၀ကျော် ဒဏ်ရာ အပြင်း အထန် ရရှိခဲ့သည်။

စစ်ကောင်စီနှင့် AAတို့သည်မောင်တောတွင်သာမက အမ်းမြို့နယ်၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး တောင်ကုတ်မြို့နယ်တွင်လည်း စစ်ရေး တင်းမာလျက်ရှိသည်။

ထို့အတူ အာရက္ခဒေသအတွင်းရှိ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မပြီးပြတ်သေးသည့် ရန်သူ့လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု AA က ဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *