မန္တလေးနန်းတွင်းထဲ PDF ရှော့တိုက်ဒုံး လေးလုံး ကျရောက်ပေါက်ကွဲ ၊စစ်သား၂၀ခန့် ဒဏ်ရာရဟုဆို

မန္တလေးမြို့၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ယနေ့နံနက်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၉ရက်) နံနက် နှစ်နာရီခွဲခန့်တွင် အလယ်တိုင်းစစ်ဌာနချုပ်ကို ၁၀၇ (မမ) ရှော့တိုက်ဒုံး ခြောက်လုံး ပစ်ခတ်ခဲ့ရာ လေးလုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ထံက သိရသည်။

” ရဲဘော်တွေက ခွေးကင်းပုန်းတွေကြားကပဲ အတွင်းစည်းထဲအထိ အပျောက်ဝင်တယ်၊ ပစ်တယ်။ ပြီးတော့ အပျောက်ပြန်ထွက်တယ်။ ရုတ်တရက်ဘယ်နေရာကပစ်မှန်းမသိတော့ သူတို့တွေ ဘယ်လိုက်ရမှန်းမသိဘူး။ ပစ်ပြီး ၁၅ မိနစ်လောက်နေတော့ စစ်ကား နှစ်စီး မီးထိုးပြီး ပတ်ရှာနေတာတွေ့တယ် ” ဟု Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် လပခထဲရှိ ရှမ်းမြောက်ဒေသသို့ ထိုးစစ်ဆင်မည့် စစ်မှုထမ်း အပတ်စဉ်သုံး တပ်သားများနှင့် စစ်မှုထမ်းဟောင်းများ နေထိုင်သည့် ဘားတိုက်ထဲသို့ ရှော့တိုက်ဒုံး နှစ်လုံးကျရောက်ခဲ့ရာ တပ်သား ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” သေဆုံး မှု ရှိ၊မရှိစုံစမ်းဆဲဖြစ်ပါတယ်။ နောက် နှစ်လုံးကတော့ ကွင်းထဲကျတယ်လို့သိရပါတယ်။ ဒါက လက်ရှိစုံစမ်းသိရှိရသလောက်ပါ။ နောက်ထပ်အထိအခိုက်အပျက်အစီးများ ဆက်လက်စုံစမ်း နေပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထိုးစစ်ဆင်မည့် ရန်နိုင်မင်းစစ်ဆင်ရေး အတွက် ပြင်ဆင်နေပြီး လပခ ၏အင်အားကိုလည်း ဖြည့်တင်းထားကြောင်း BWM ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က လပခကို တတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

BWM နှင့် မဟာမိတ်အဖွဲ့များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ စက်တင်ဘာ တွင်တစ်ကြိမ်နှင့် ၂၀၂၃၊ ဒီဇင်ဘာတွင်တစ်ကြိမ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *