မန္တလေးရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက် (ရုပ်/သံ)

မန္တလေးရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက် (ရုပ်/သံ)

မန္တလေးရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် တော်လှန် ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၆လုံး ကို BWM ၏ Mission 22 အဖြစ် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ရဲဘော်တွေက ခွေးကင်းပုန်းတွေကြားကပဲ အတွင်းစည်းထဲအထိ အပျောက်ဝင်တယ်၊ ပစ်တယ်၊ ပြီးတော့ အပျောက်ပြန်ထွက်တယ်၊ ရုတ်တရက်ဘယ်နေရာကပစ်မှန်းမသိတော့ခွေးတွေ ဘယ်လိုက်ရမှန်းမသိဘူး၊ ပစ်ပြီး ၁၅ မိနစ်လောက်နေတော့ ခွေးကား ၂ စီး မီးထိုးပြီး ပတ်ရှာနေတာတွေ့တယ်။ ၆ လုံးပစ်တာမှာ ၄ လုံးအောင်ပြီး ရှော့ ဒုံး ၄ လုံး စလုံး လပခ ထဲ ဝင်ပါတယ်။ ၂ လုံး က မြောက်ပိုင်းထိုးစစ်ဆင်မယ့် အပတ်စဉ် ၃ စစ်ခွေးတွေနေတဲ့ ဘားတိုက်အဆောက်အဦး ၂ လုံးကိုထိပြီး ၂၀ ထိခိုက်တယ်လို့သိရပါတယ်။ သေဆုံး မှု ရှိမရှိစုံစမ်းဆဲဖြစ်ပါတယ်။ နောက် ၂ လုံးကတော့ ကွင်းထဲကျတယ်လို့သိရပါတယ်။ ဒါက လက်ရှိစုံစမ်းသိရှိရသလောက်ပါ။ နောက်ထပ်အထိအခိုက်အပျက်အစီးများဆက်လက်စုံစမ်းနေပါတယ်။ မစ်ရှင်လုပ်တဲ့ရဲဘော်များအားလုံးဘေးကင်းလုံခြုံစွာနဲ့ သက်ဆိုင်ရာဌာနေစခန်းအသီးသီးကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ လပခဟာ လက်ရှိမှာ စစ်ရေးအရကော နိုင်ငံရေးအရပါ အရေးကြီးတဲ့ နေရာမို့ အဲ့လို ဗဟိုအချက်အချာကို ပစ်ခတ်နိုင်လို့ ကျေနပ်အားရမှုရှိပါတယ်ခင်ဗျ” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။

တော်လှန်ရေးအင်အားစုများက ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက် ပြီး နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် စစ်ရှုံးကောင်စီ ၏ အဓိကအားထားရသော စစ်တိုင်းဌာနချုပ် ဖြစ်လာခဲ့ကြောင်း၊ စစ်ကောင်စီက ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့ရမှုများနှင့် သိက္ခာကျမှုများကို ပြန်လည် အဖတ် ဆည်ရန် တရုတ်အစိုးရ အကူအညီဖြင့် မြောက်ပိုင်းအဖွဲ့များကို ရပ်တံ့ရန်ဖိအားပေးဖို့ကြိုးစားနေရင်း တပြိုင်နက်တည်းတွင် ရန်နိုင်မင်း စစ်ဆင်ရေးဟု ကြွေးကြော်ပြီး လပခ ၏အင်အားကိုလည်း အစွမ်း ကုန် ဖြည့် တင်းထားကြောင်းသိရှိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သည် စစ်ကောင်စီ၏ အရေးကြီးသည့် စစ်တိုင်းဌာနချုပ်ဖြစ်သည့် အတွက် BWM နှင့် မဟာမိတ်အဖွဲ့ တို့က တော်လှန်ရေး အတွက် အရေးပါသည့် ပစ်မှတ်အဖြစ်ဦးတည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊

BWM အဖွဲ့က စစ်ကောင်စီ၏ လေတပ်များအပြင် တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမားသည့် အခြား စစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ၊ တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသ အလိုက် တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Command ကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ်၍ ယခုလိုတိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကိုတိုက်ခိုက်မှုမှာ ယခုအကြိမ် သည် တတိယမြောက် တိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၂၀၂၄ စက်တင်ဘာလ ၃ ရက်နေ့တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ပါသေးကြောင်း၊ ယနေ့တိုက်ခိုက်မှုအတွင်း ရန်သူထိခိုက်မှုအခြေအနေကိုဆက်လက်စုံစမ်းနေကြောင်း သတင်းထုတ်ပြန်ထားသည်။

“ဒီမနက် ၂ နာရီ ၃၈ မိနစ်မှာ ရွှီး ဒိုင်းဆိုတဲ့ အသံကြီး ကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံတွေပါ ကြားရတယ်။ ပေါက် ကွဲသံက ၄ ချက် ။ ကိုယ့်အိမ်ပေါ်ကနေ ဒုံးတွေများ ဖြတ်ပြေးသွားသလားတောင်ထင်ရတယ်။ ပေါက်ကွဲမှုက အတော်ပြင်းပုံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ပုသိမ်ကြီးမြို့နယ်မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ပေါက်ကွဲသံများကြောင့် လန့်နိုးလာခဲ့ရပြီး ပေါက်ကွဲသံများသည် ဆက်တိုက် ၃ ကြိမ်ခန့်ကြားရသည်ဟုပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *