မြိုင်မြို့နယ် ကင်းပုန်းထွက်လာတဲ့ စကစတပ်ဖွဲ့ နင်းမိုင်းနင်းမိပြီး ၅ ဦးသေဆုံး သေနတ် ၁ လက်သိမ်းဆည်းရရှိ

မကွေးဒေသ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာမှ ကင်းပုန်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀ ဦးခန့်က စက်တင်ဘာ ၂၇ ရက်၊ ည ၇ နာရီခွဲခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ နင်းမိုင်း နင်းမိတာကြောင့် စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တွင်းမပျူကျေးရွာမှ ညောင်ဂျစ်ပင်ပျူရွာသို့ စက်တင်ဘာ ၂၇ ရက်၊ မနက် ၅ နာရီမှာ ထွက်ခွာလာတဲ့ စကစ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနက် ၁၁ နာရီခန့်မှာ ဆွဲမိုင်းနဲ့ တိုက်ခိုက်ဖို့အတွက် အသင့်စောင့်ဆိုင်းနေစဉ် စကစတွေက မိုင်းဆွဲကြိုးတွေကို ဖြတ်တောက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပြီး စောင့်ကြိုတိုက်ခိုက်ဖို့အတွက် ရှေ့မှ ကြိုတင်နေရာယူပြီး ထပ်မံစောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

စောင့်ဆိုင်းနေစဉ် ညောင်ဂျစ်ပင်ပျူရွာမှ စကစတပ်ဖွဲ့ဝင်တွေက ၆၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နင်းမိုင်း၊ တိုက်မိုင်းများ ထောင်ထားခဲ့ရာ ည ၇ နာရီခွဲခန့်မှာ ကင်းပုန်းထွက်လာတဲ့ စကစ အင်အား ၁၀ ဦးခန့်က နင်းမိုင်းတွေ နင်းမိတာကြောင့် ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ညောင်ဂျစ်ပင်ပျူရွာသို့ ပြန်လည်သယ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုင်းနင်းမိရာနေရာသို့ စက်တင်ဘာ ၂၈ ရက်မှာ သွားရောက်ရှင်းလင်းခဲ့ရာ G3 ၁ လက်၊ ကျည် ၃၄ တောင့်၊ MA ကျည်ဘောက် ၁ ခု၊ ၅.၅၆ ကျည် ၃၆၂ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး စကစရဲ့ အင်အား ၃၀၀ ခန့်စစ်ကြောင်းဟာ ညောင်ဂျစ်ပင်ရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ မြိုင် ပကဖ၊ ဧရာဒေါင်းပြောက်ကြားတပ်ဖွဲ့၊ BLY ပြောက်ကျားတပ်ဖွဲ့၊ Black Cobra Force (ကမ္မတပ်ပေါင်းစု)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ ကသတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *