ကြည့်မြင်တိုင်ရှိ ရပ်ကွက်ရုံး ၂ ရုံး ဖောက်ခွဲခံရမှုတွင် ဒဏ်ရာရသူ ၁၀ ဦး ထက်မနည်းရှိ

ရန်ကုန်တိုင်း ကြည်မြင့်တိုင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုတွင် ယနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိကြောင်း ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

ကြည်မြင့်တိုင်မြို့နယ် ရန်ကုန်မြစ်တဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်း ၁၂ နာရီခွဲဝန်းကျင်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ အုပ်ချုပ်ရေးမှုး ရုံးနှစ်ခုမှာ တချိန်တည်း ပေါက်ကွဲမှု ဖြစ်ပွားတာပါ။ ထိခိုက်ဒဏ်ရာရသူတွေရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးအတွင်းရှိနေသူ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီကိုထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ကြည်မြင့်တိုင်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးများ ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူများသည် မှတ်ပုံတင် smart card ပြုလုပ်နေသည့် ပြည်သူများ ဖြစ်ကြောင်း ဖော်ပြကြသည်။

သို့သော် ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူများသည် မနက်ဖြန် (အောက်တိုဘာလ ၁ ရက်)နေ့တွင် စတင်မည့် သန်းခေါင်စာရင်းကောက်ယူမှုအတွက် အစည်းအဝေးလုပ်နေကြသည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများသာ ဖြစ်ကြောင်း ဆိုသည်။

“အခုထိတာ အုပ်ကြီး၊ အုပ်ကြီးမိန်းမ၊ ပျူ၊ ဒလန်နဲ့ သန်းခေါင်စာရင်းကောက်ဖို လုပ်နေတဲ့ ရုံးစာရေးမတွေပါ။ မနက်ဖြန် သန်းခေါင်စာရင်းလုပ်ဖို့ စည်းဝေးနေကြတာ နှစ်ရုံးလုံး။ ဘောမ ချန်နယ်ကတော့ ပြည်သူတွေ ထိတယ်ဆိုပြီး ဝါဒဖြန့်နေပါတယ်။ စမတ်ကဒ်လုပ်ဖို့ တန်းစီနေတဲ့ ပြည်သူတွေ၊ ရေဘေးအလှူ ဘာညာနဲ့ ဂျင်းထည့်လိမ်နေတာပါ။ ဒါပေမယ့် ပြည်သူတယောက်မှ မထိပါဘူး။” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်များအတွင်း ထိခိုက်ဒဏ်ရာရသူများသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေသည်။ အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယနေ့ ညပိုင်းအထိ သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအပြားဖြင့် ကြည်မြင့်တိုင်မြို့နယ်တလျောက်ရှိ သဗ္ဗာန်ဆိပ်များတွင် စစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *