စွယ်တော်ကုန်းဗျူဟာလက်နက်တိုက်ဒရုန်းစာမိပြီးနောက် လေးကေ့ကော်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်းဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ယမန်နေ့ညတွင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ယင်းနေရာပတ်ဝန်းကျင်ကို ယနေ့ (စက်တင်ဘာလ ၃၀ရက်)မွန်းလွဲပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့သည်။

“မနေ့ညက တော်လှန်ရေးဘက်ကနေ ဒရုန်းနဲ့ ဗုံးကြဲတယ်။ သူတို့ ဘန်ကာတွေ အောက်အထိ ထိကုန်တယ်။ နောက်ပြီး လက်နက်တိုက်လို့ ယူဆရတဲ့ နေရာကို ထိတယ်။ လက်နက်ခဲယမ်းပေါက်ကွဲတဲ့ ပုံစံပေါက်ကွဲတာမြင်ရတယ်။ ဒီနေ့ကျတော့ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာပဲ”ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောသည်။

စွယ်တော်ကုန်းဗျူဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့က ယမန်နေ့(စက်တင်ဘာလ ၂၉ရက်) ည ၉နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဟု သိရသည်။

ထို့နောက် စစ်ကောင်စီက နံနက် ၆နာရီခန့်တွင် တိုက်လေယာဉ်ပျံဝဲခဲ့သော်လည်း တိုက်ခိုက်ခြင်းမပြုဘဲ မွန်းလွဲ၂နာရီခန့်တွင်မှ တိုက်လေယာဉ်တစီးဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ထိခိုက်မှုအခြေအနေကို လတ်တလောမသိရှိရသေးပေ။

စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုသည် ပေါက်ကွဲမူပြင်းထန်ခဲ့ပြီး မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ခြမ်းမှလည်း ပေါက်ကွဲသံကျယ်လောင်စွာကြားခဲ့ရကြောင်း မဲဆောက်မြို့ဘက် မြန်မာနိုင်ငံနှင့်နယ်စပ်အနီး၌နေသူအချို့က ပြောသည်။

ယမန်‌နေ့ညက ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စွယ်တော်ကုန်းဗျူဟာစခန်းမှ စစ်ကောင်စီလက်နက်တိုက်ထိမှန်ပေါက်ကွဲခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်၍ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Venom စစ်ကြောင်းပူးပေါင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂)ကို ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ KNU ကိုလည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် လေးကေ့ကော်မှ ဒေသခံများသည် စိုးရိမ်ထိတ်လန့်နေကြပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ပြင်ဆင်နေကြသည်။

“အခု မင်းလက်ပံရွာနဲ့ ဖလူးရွာကဒေသခံတွေ လန့်နေကြတယ်။ ရွာထဲ ဗုံးကြဲမယ်ဆိုတဲ့ သတင်းထွက်နေကြတယ်။ တချို့က ပစ္စည်းပြင်နေကြတာတွေရှိတယ်။ အခြေနေကို စောင့်ကြည့်နေကြတယ်”ဟု မင်းလက်ပံဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ရဟတ်ယာဉ်ကွင်းပါရှိပြီး အင်အား၁၀၀နီးပါးရှိသည့်စွယ်တော်ကုန်းဗျူဟာစခန်းကုန်းကို ပြီးခဲ့သည့် မတ်လတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့ပြီး စနိုက်ဘာဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်ခဲ့သည်။ စွယ်တော်ကုန်းဗျူဟာလက်အောက်ခံ ဖလူးစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ မတ်လ ၁၁ရက်နေ့တွင်တိုက်ခိုက်သိမ်းယူခဲ့စဉ် ဖလူးကျေးရွာရှိ ဘုရားငုတ်တိုဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားခဲ့သည်။

ထို့အပြင် လေးကေ့ကော်မြို့သစ်ရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် ရေကန်ကုန်းစခန်းကိုလည်း မတ်လ ၃၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။
လေးကေ့ကော်ဒေသတွင် စွယ်တော်ကုန်း ဗျူဟာစခန်းတခုသာ ကျန်ရှိနေပြီး ယင်း စခန်းကုန်းရရှိပါက လေးကေ့ကော်ဒေသသည် စစ်ကောင်စီကင်းစင်သည့် နေရာဖြစ်လာမည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ပိတ်ဆို့ခံထားရစဉ် စွယ်တော်ကုန်း ဗျူဟာစခန်းကုန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပို့သည့် ရိက္ခာအချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ရယူနိုင်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *