သန်းခေါင် စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး ၁ ဦးသေဆုံး

ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင် စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး ၁ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင်စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အလတ်လောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာလ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အစည်းအဝေး လုပ်နေကြစဉ် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးစလုံး ဒဏ်ရာပြန်းထန်ကြောင်း၊ လက်ရှိ ၁ ဦး သေဆုံးသွားပြီဟု သိရှိရသည်။

အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စက်ဆန်းရပ်ကွက်ရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲပြင်းထန်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။

” ရပ်ကွက်ရုံး ၂ ခုထဲမှာ သန်းခေါင်စာရင်းကောက်ဖို့ အစည်းအဝေးလုပ်နေတာ၊ လူစုတာတွေရှိနေတဲ့အချိန်မှာ ဗုံးတွေ ထကွဲတာပါ။ ထိခိုက်သေဆုံးမှုရှိတယ်။ အခုတော့ ၁ ဦးသေသွားပြီလို့ပြောတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ပဲ။ အလတ် ချောင်းရပ်ကွက်ရုံးက။ ၅ ဦးလုံးသေနိုင်တယ်လို့လည်းပြောတယ်။ ဆန်အိတ်ထဲက ဗုံးထပေါက်တာ။ အတိအကျတော့ မသိရသေးဘူး။” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်နှင့်ရဲများက ကြည့်မြင်တိုင် ဆိပ်ကမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေပြီး အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းနှင့် မဲစာရင်း ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *