တရုတ်အလိုရှိတဲ့ ချန်တာဝေ့အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ဆယ်နဲ့ချီကို စစ်တပ်က တရုတ်ကိုလွှဲပေး

ရန်ကုန်နဲ့ မန္တလေးမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တရားခံပြေး ချန်တာဝေ့နဲ့ ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသားတရားခံ ၂၀ ဦးဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ တရုတ်လုံခြုံရေးဌာနက ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ပါတယ်။

တရားခံတွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်နိုင်အောင် စက်တင်ဘာ တတိယပတ်မှာ ပြန်လွှဲပေးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဆိုထားပါတယ်။

တရုတ်ဘက်က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ မြန်မာစစ်ကောင်စီလုံခြုံရေးတပ်တွေဖြစ်တဲ့ စစ်တပ်၊ရဲ အပါအဝင် လဝကနဲ့ ထွေအုပ်က တာဝန်ရှိသူတွေက ပူး‌ပေါင်းလွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ ဒါအပြင် အဲဒီဖမ်းဆီးခံတရုတ်နိုင်ငံသားတွေကို လေကြောင်းကတဆင့် တရုတ်ရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်သွားပြီး မျက်နှာအုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တာတွေ့ရပါတယ်။

စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာလည်း စစ်ကောင်စီက မူဆယ်မြို့၊မင်္ဂလာမူဆယ်အိမ်ရာဝန်းထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၁၉၄ ဦး နဲ့ မြန်မာနိုင်ငံသား ၅၅၅ ဦးတို့ကိုဖမ်းဆီးခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *