ဘုတလင်တွင် အင်အားတစ်ရာခန့်ပါစစ်​ကြောင်းကို PDF များစစ်​ကြောင်းပျက်​အောင်တိုက်ခိုက်

စစ်​ကောင်စီတပ်မှအများအပြား​သေဆုံးပြီး ၃၀ ဦးခန့်စစ်သုံ့ပန်းဖမ်းမိ

ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှထွက်လာသည့် အင်အားတစ်ရာခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းတကြောင်းလုံး ဖွဲ့စည်းပုံပျက်သွားပြီး အများအပြားသေဆုံးကာ အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

“မနက် ၁၀နာလောက်ကတည်းက ချနေတာပါ။ စစ်ကြောင်းတကြောင်းလုံးကိုဖျက်ဆီးပစ်နိုင်တာ။အရှင်မိထား တာတွေရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲ ဘော်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း အရှင်ဖမ်းမိထားကြောင်း ကနဦးသတင်းရရှိသော်လည်း အသေးစိတ်အတည်ပြုရန်လိုအပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တိုက်ပွဲဖြစ်နေစဉ်နှင့် ဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းမှ ကိုးကြိမ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီသည် ရုပ်အလောင်းများအား ကောက်ယူရန် ကြိုးစား​သော်လည်းအရာမထင်ခဲ့ကြောင်း တိုက်ပွဲဝင်ပြည်သူ့ကာကွယ် ရေးရဲ ဘော်တစ်ဦးကပြောသည်။

” မိတ္တိလာလေတပ်ကနေ တက်လာပြီး ပစ်တာ” ဟု ကာကွယ်ရေးရဲဘော်ကပြောသည်။

ကူတော်ရဲစခန်းသည် ဒီပဲယင်းနှင့် ဘုတလင်မြို့နယ်ကြား၌ တည်ရှိပြီး စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“ကူတော်ကနေ ဘုတလင်ကို ပြန်ခေါက်တဲ့စစ်ကြောင်းက အားလုံးကို အရှင်အသေအားလုံးကို ရလိုက်တယ်။ အရှင်နဲ့အသေအားလုံး တွက်ရသလောက် ငါးဆယ်ကျော်လောက်ရထားတယ်။ မှောင်လည်းမှောင်ပြီဆိုတော့ အားလုံးမကောက်နိုင်ဘူး။ စစ်ကြောင်းတစ်ကြောင်းလုံးမှာ အကုန်လုံးပိတ်ဆို့ပြီးတော့မှ အသေများတာပေါ့ဗျာ။ အသေအလောင်းများပြီးမှ အရှင် ၂၀ လောက်ရတာ။ အတိအ​ကျတော့မဟုတ်သေးဘူး။ စစ်ကြောင်းတစ်ကြောင်းလုံးပိတ်မိတော့အကုန်ရတယ်။”ဟု ဘုတလင်ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညနေ ၃ နာရီခွဲခန့်တွင် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှုမရှိကြောင်း၊ မြေပြင်စစ်ကြောင်းကိုသာ ဝိုင်းဝန်းပိတ်ဆို့တို​က်ခို​က်ရင်း ရဲဘော် ၂ ဦး ကျည်ရှပ်ထိပြီး ဒဏ်ရာရသည်မှလွဲ၍ အခြားထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။

ထိုစစ်ဆင်ရေးအား ဘုတလင်၊ ရွှေဘို၊ မုံရွာ၊ မြို့နယ်ခရိုင်တပ်ရင်းများ၊ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားနေ၍ မုံရွာ-ဘုတလင်လမ်းပိုင်း အသွားအလာယာယီရပ်နားခဲ့ပြီး ညပိုင်းတွင်ပြန်ဖွင့်ထားသော်လည်း သွားလာသူမရှိကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲသတင်းအပြည့်အစုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်
ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်လိမ့်မည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။

ရွှေဘိုခရိုင်မှ PDF တစ်ဦးကလည်း”ဒီစစ်ကြောင်း ကျတော်တို့နဲ့ ထိတိုက်တွေ့ဖူးတယ်။ အရှင်တွေဖမ်းမိပြီးဆိုကတည်းက ဖွဲ့စည်းပုံပျက်တာပဲ။ ဒီပွဲက အလွတ်ကြီးစားရတာ” ဟု​ပြောသည်။

(တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများနှင့် PDF ပူး​ပေါင်းအဖွဲ့များ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *